စည်သူ ဗိုလ်ကလေးတင့်အောင် (၁၉၂၂-၂၀၂၁)

Listing Description

စည်သူ ဗိုလ်ကလေးတင့်အောင်သည် မြန်မာ့ ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရ ရုပ်ရှင်ဒါရိုက်တာ၊ ဂီတစာဆို၊ ဇာတ်ညွှန်းရေးဆရာ၊ အမျိုးသား စာပေဆုရ စာရေးဆရာတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ နာယကကြီလည်း ဖြစ်သည်။

အဖဦးဘသင်၊ အမိဒေါ်ဖွားသိမ်းတို့မှ ဇွန် ၃၊ ၁၉၂၂ တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့၌ မွေးဖွားသည်။ သားသမီးခြောက်ယောက်အနက် ဒုတိယသားဖြစ်ပြီး၊ ဂီတလုလင်မောင်ကိုကိုမှာ စတုတ္ထသား ဖြစ်သည်။ ဘိုကလေးမြို့၊ ကျုံမငေးမြို့နှင့် ကျိုက်လတ်မြို့ အမျိုးသားအထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။

၁၉၉၆ ခုနှစ်တွင် အမျိုးသားစာပေဆုရရှိခဲ့ပြီး လူမှုထူးချွန်(ပထမအဆင့်)၊ ၀ိဇ္ဇာထူးချွန်(ပထမအဆင့်) တို့ကိုလည်း ရရှိခဲ့ကာ နိုင်ငံတော်က ပေးအပ်ချီးမြှင့်သည့် စည်သူဘွဲ့ကို လည်း ရရှိထားသည်။

ဘိုကလေးတင့်အောင်သည် ၁၉၄၀ ပြည့်နှစ်တွင် သီချင်းများစတင်ရေးသားခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် သူ၏ သီချင်းများကို အသံ လွှင့်ခဲ့ရပြီး ၁၉၄၉ ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းရွေ့လာကာ မောင်ကိုကို တူရိယာအ ဖွဲ့တွင် ဂစ်တာတီးသူအဖြစ် ပါဝင်ခဲ့သည်။ ပြဇာတ်ဝိဇ္ဇာ ဒဂုန်ဆရာတင်၏ တပည့်ဖြစ်ပြီး ပြဇာတ်သီချင်းရေးသားခြင်းနှင့် ဇာတ်ညွှန်းရေးသားခြင်းတို့မှတစ်ဆင့် တွဲဖက်ဒါရိုက်တာအဖြစ် စတင်ခဲ့ပြီး ၁၉၅၀ ပြည့် နှစ်တွင် “အပြုံးလက်ဆောင်” ပြဇာတ်ကို ဒါရိုက်တာအဖြစ် တင်ဆက်ခဲ့သည်။ ယင်းနောက်တွင် ပြဇာတ်ကြီးပေါင်း ၄၀ ကျော်အပြင် ပြဇာတ်တို၊ တစ်ခန်းရပ်ပြဇာတ်၊ တေးသရုပ်ဖော်ပြဇာတ် စသည်ဖြင့် ပြဇာတ်ပေါင်း ၁၀၀ ခန့်ကို စီစဉ် တင်ဆက်နိုင်ခဲ့သူဖြစ်သည်။

၁၉၄၈ ခုနှစ်တွင်တင်ဆက်ခဲ့သည့် မြတ်မွန်ရတနာ ပြဇာတ်ကို စာပေဗိမာန်က စာအုပ်အဖြစ်ထုတ်ဝေခဲ့ပြီး စာပေအနုပညာ နယ်ပယ်သို့ ရောက်ရှိခဲ့သည်။ ၁၉၆၁ ခုနှစ် တွင်လည်း ရုပ်ရှင်ဇာတ်ညွှန်းအဖြစ်ရေးသား ခဲ့သည့် မမမိုး ကို ဝတ္ထုအသွင်ပြန်လည်ရေး သားထုတ်ဝေခဲ့ပြီး သတင်းစာ၊ ဂျယ်နယ်၊ မဂ္ဂ ဇင်းများတွင် ဆောင်းပါးများကို ရေးသားခဲ့ သည်။ ယင်းဆောင်းပါးများအနက် ၁၉၈၀ မှ ၁၉၈၂ နှစ်ခုနှစ်အထိ ဂီတပဒေသာမဂ္ဂဇင်းတွင် ရေးသားခဲ့သည့် ‘ပန်းဝင်္ကပါ’ ဆောင်ပါး များမှ ထင်ရှားပြီး စာအုပ်အဖြစ်ပြန်လည်စု စည်းထုတ်ဝေရာတွင်လည်း ၁၉၉၆ ခုနှစ်အတွက် အမျိုးသားစာပေဆုကို ရရှိခဲ့သည်။

ဂီတအနုပညာနယ်ပယ်တွင်လည်း တေးသီချင်းကောင်းများစွာကို ရေးသားခဲ့သူဖြစ်ပြီး ၁၉၅၃ ခုနှစ်တွင် ကြည်ကြည်ဌေးသီဆိုကာ ဓာတ်ပြားရခဲ့သည့် ‘သက်ဆိုင်သူသို့’သီချင်း၊ ၁၉၅၁ ခုနှစ်တွင် ပြဇာတ်သီချင်းအဖြစ် အသုံးပြုခဲ့သည့် ‘နှစ်သစ်ချစ်ဦး’သီချင်း၊ ၁၉၅၈ ခုနှစ်တွင် မေမြတ်နွယ်ဇာတ်ကား၏ ဇာတ်ဝင်တေးဖြစ်သည့် ‘သံယောဇဉ်’သီချင်း၊ မှုန်ရွှေရည်ဇာတ်ကားတွင် ဝင်းဦးသီဆိုခဲ့သည့် ‘မျက်ဝန်းလဲ့ပြာပြာ’သီချင်း၊ ၁၉၆၈ ခုနှစ် တွင် မင်းနောင်သီဆိုခဲ့သည့် ‘ဇရာ’၊ ‘ ဂျင်မလေးဂျမ်း’စသည့် သီချင်းများ၊ ၁၉၇၀ ပြည့်နှစ်တွင် စန္ဒရားချစ်ဆွေသီဆိုခဲ့သည့် ‘မွှေး လွန်းသည့်ပန်း’စသည်တို့မှာ မြန်မာ့ဂီတတွင် ယနေ့ထက်တိုင် ရှင်သန်နေဆဲ ဂန္တဝင်သီချင်း များဖြစ်သည်။

ရုပ်ရှင်အနုပညာနယ်ပယ်တွင်လည်း ၁၉၆၂ ခုနှစ်တွင် ‘ဆောင်းတစ်ညဝယ်’ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်းကောင်း၊ ပြဇာတ်တွင် အောင်မြင်ခဲ့သည့် ‘ငယ်ကျွမ်းဆွေ’ ပြဇာတ်ကို ၁၉၇၅ ခုနှစ်တွင်လည်းကောင်း ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပြီး ရုပ်ရှင်ဇာတ်ကား ကောင်းများစွာကို ရိုက်ကူးဖန်တီးခဲ့သူလည်း ဖြစ်သည်။

စည်သူ ဘိုကလေးတင့်အောင်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် SSC ဆေးရုံ (Shwe Gon Dine Hopspital) ၌ လူကြီးရောဂါဖြင့်ကွယ်လွန်ခဲ့သည်။