စိန်စိန် (၁၉၂၈-၁၉၇၂)

Listing Description

စစ်ပြီးခေတ်တွင် ထင်ရှားသော စာရေးဆရာမတစ်ဦးဖြစ်သည်။ သာယာဝတီမြို့ ၌ အဖ လယ်သမားကြီး ဦးမိုးသီး၊ အမိ ဒေါ်ကျီးညိုတို့မှ ၁၉၂၈ ခု ဇန်နဝါရီလ ၁၂ (ကြာသပတေးနေ့) ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်းရှစ်ယောက်အနက် အငယ်ဆုံးသမီးဖြစ်သည်။ ငယ်မည် “အပု”၊ အမည်ရင်း “စိန်စိန်” ဖြစ်သည်။

ဦးကျောက်လုံး မြန်မာမူလတန်းကျောင်း (သာယာဝတီမြို့)၊ ဦးသာဇံ မြန်မာအလယ်တန်းကျောင်း (ဇီးကုန်းမြို့)၊ အေဘီအမ် အထက်တန်းကျောင်း (သာယာဝတီမြို့) များတွင် ဆယ်တန်းအထိပညာသင်ယူ ခဲ့သည် ။ ကျန်းမာရေးအခြေအနေကြောင့် ကျောင်းမှထွက်ခဲ့ရသည်။

အတန်းပညာလေ့လာသင်အံယူသော ကျောင်းမှစောစီးစွာထွက်ခွါခဲ့ရသော်လည်း စာပေဖတ်ရှုခြင်းဖြင့် ပညာဆည်းပူးလေ့လာမှုမပြတ်စေခဲ့သောကြောင့် မိမိကျမ်းမာရေးအပေါ်ငဲ့ကွက် စိတ်အားငယ်ခြင်းမဖြစ်ပဲ စိတ်ဓာတ်ခွန်အားမြင့်မားစွာဖြင့် စာကောင်းပေမွန်များကို လေးစားချီးမွမ်းဖွယ် ရေးသားပြုစုနိုင်ခဲ့သည်။

သက် ၁၁ နှစ်အရွယ်တွင် ၁၃၀ဝ ပြည့် အရေးတော်ပုံနှင့် ကြုံကြိုက်ကာ နိုင်ငံရေး စိတ်ဓာတ်မျိုးစေ့ ရခဲ့သည်။ ဂျပန်ခေတ် အေဘီအမ်ကျောင်းတွင် ကျောင်းနေရင်း တို့ဗမာ အစည်းအရုံး သို့ဝင်ကာ နိုင်ငံရေး စတင်ဆောင်ရွက်ခဲ့သည် ။ မြို့နယ်အမျိူးသမီး ဌာနအတွင်းရေးမှူးအဖြစ် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့ရာ “ရဲရဲတောက် စိန်စိန်” ဟု အမည်တွင်ခဲ့သည်။ စာလုံးများကို ပေါင်းဖတ်တတ်သည့်အရွယ်မှစကာ စာနယ်ဇင်းများဖတ်ခဲ့သည်။ ၁၂ နှစ်သမီး အရွယ်တွင် ဝတ္ထုတို၊ ကဗျာများ စတင်ရေးစမ်းခဲ့သည် ။ ၁၉၄၇ တွင် အာဇာနည်ကြီးများ ကျဆုံးစဉ် “ဂနိုင်မေ” ကလောင်အမည်ဖြင့်ရေးသည့် “ခရီးဆက်ကြပါစို့” လေးချိုးကြီးမှာ ၁၉၄၇ ခုဇူလိုင်လထုတ် “တိုင်းရင်းသူ ဂျာနယ်” တွင်ပါဝင်သည့် ပထမဆုံး ပုံနှိပ်စာမူပင်ဖြစ်သည်။ စစ်ပြီးခေတ် စာနယ်ဇင်းများတွင် “ဂနိုင်မ”၊ "အထွေး"၊ "စိန်စိန်" ကလောင်အမည်များဖြင့် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ ကဗျာ၊ စာညွန့်ပေါင်း ၁၀ဝ ကျော်မျှရေးခဲ့သည် ။

၁၉၇၂-ခု ဇွန်လ ၆ ရက် ညနေ ရး၄၅ နာရီတွင် သာယာဝတီမြို့ ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။

ထုတ်ဝေခဲ့သော စာအုပ်စာရင်း

လုံးချင်းဝတ္ထုများ

သားလိမ္မာ (၁၉၅၄)

ချစ်ငြိုးချစ်မာန် (၁၉၆၂)

လွမ်းသစ္စာတိုင် (၁၉၆၃)

နှင်းသက်ဆယ်ပြန် (၁၉၆၆)

မလင်းတဖုံ့ လင်းတစ်ပုံ (၁၉၇၀)

ရိုးမတောင်ကြီးသာ ဖြိုလိုက်ချင်တော့ (၁၉၆၆)

အောင်နိုင် (၁၉?)

ရွှေနှင်းဆီ (၁၉?)

မြေစာပြုန်းမှ ဆုံးမှာလားရှင် (၁၉?)

အရှက် (၁၉?)

ဝတ္ထုတိုပေါင်းချုပ်

သိစေချင်ပါသည် (၁၉၆၄)

ရှုမဝ မဂ္ဂဇင်းဝတ္ထုတိုများ (၂၀၀၃)

အခြား

ခရီးဝင်္ကပါ (၁၉၇၀)

စွမ်းလွန်းသောဆေးနည်း (၁၉၆၂)

ကြုံဖူးမှ ယုံစဖွယ် (၁၉၆၂)

စာပေဆုများ

၁၉၅၄ - ရှုမဝတစ်ထောင်ဆု - "သားလိမ္မာ"

၁၉၅၇ - ဘားမားစတား ဝတ္ထုရှည်ဆု - "လွမ်းသစ္စာ"

၁၉၆၃ - အမျိုးသားစာပေဆု (ဝတ္ထုရှည် - ပထမဆု) - "လွမ်းသစ္စာတိုင်"

၁၉၆၆ - အမျိုးသားစာပေဆု (ဝတ္ထုရှည်) - "ရိုးမတောင်ကြီးသာ ဖြိုလိုက်ချင်တော့"

၁၉၇ဝ - အမျိုးသားစာပေဆု (စာပဒေသာ) - "ခရီးဝင်္ကပါ"

"ခရီးဝင်္ကပါ" ကို ဂျပန်ဘာသာသို့ပြန်ဆိုထုတ်ဝေခဲ့သည် ။ "ရိုးမတောင်ကြီးသာ ဖြိုလိုက်ချင်တော့" နှင့် "ခရီးဝင်္ကပါ" တို့သည် စာဆို၏ အံ့ဩဖွယ်လက်ရာများ ဖြစ်သည်ဟု စာရေးဆရာ"မလိခ" က မြန်မာဝတ္တုအညွှန်းစာအုပ်တွင် ညွှန်းဆိုခဲ့သည် ။