ဆွေဇင်ထိုက်

Listing Description

၁၉၅၃ ခုနှစ်၊ ဇွန်လ ၁၃ နေ့ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်ရှိသည်။အ.ထ.က(၂)စမ်းချောင်းမှ ၁ဝ တန်း အောင်ခဲ့ပြီး၊ ၁၉၇၇ ခုနှစ်တွင် ရန်ကုန် စီးပွားရေး တက္ကသိုလ် မှ B.Com. (I.T.) ဘွဲ့ ရရှိခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် Burma Council of Account မှ စာရင်းကိုင် ဒီပလိုမာ ရခဲ့သည်။ ၁၉၈၉ တွင် Alliance Francaise မှ ပြင်သစ်ဘာသာ ဒီပလိုမာ (Diplome de Langue Francaise) ရရှိခဲ့သည်။

၁၉၇၁ ခုနှစ်တွင် ဒေါ်ဆွေဇင်ထိုက်သည် ရှုမဝဦးကျော် ရိုက်ကူးသည့် စေလိုရာစေရုပ်ရှင်ဇာတ်ကားဖြင့် အနုပညာလောကထဲသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။

မိန်းကလေးရှင်ရဲ့ဆန္ဒ ရုပ်ရှင်ဇာတ်ကားဖြင့် ၁၉၇၇ ခုနှစ် အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့သည်။

ရုပ်ရှင် သရုပ်ဆောင် တစ်ဦးဖြစ်သော စိန်မြင့် နှင့်လက်ထပ်ခဲ့ပြီး သမီးတစ်ဦး ထွန်းကားခဲ့သည်။

၁၉၉၁ ခုနှစ်တွင် ရုပ်ရှင်လောကမှ အနားယူခဲ့သည်။ ၁၉၇၁ ခုနှစ်မှ ၁၉၉၁ ခုနှစ် အတွင်း ရုပ်ရှင် ဇာတ်ကားပေါင်း ၂၀ဝ ကျော်တွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီး၊ ဇာတ်လမ်းပေါင်း ၅ဝ ကျော်ကို ထုတ်လုပ်သူ သို့မဟုတ် ဒါရိုက်တာ အဖြစ် ရိုက်ကူး တင်ဆက်ခဲ့သူ ဖြစ်သည်။

၁၉၉၅ နှင့် ၁၉၉၇ နှစ်များတွင် ဟောင်ကောင် တက္ကသိုလ်တွင် ကျင်းပသော အသိဉာဏ်ပညာ ဆိုင်ရာ တီထွင်မှုများနှင့် ပတ်သက်သော မူပိုင်ခွင့် အခွင့်အရေးများ (Intellectual Property Rights Seminar) စီမီနာကို မြန်မာ ရုပ်ရှင်ထုတ်သူများ ကိုယ်စား တက်ရောက်ရန် ရွေးချယ်ခြင်း ခံခဲ့ရသည်။

၂၀၀၃ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့ ဆိုဘုန်း တက္ကသိုလ် (Sorbonne University) နှင့် သုတေသန ဝန်ကြီးဌာန (Ministry of Research) တို့ ပူးတွဲ ကျင်းပသော အရှေ့တောင် အာရှ ဒေသအတွင်း ရွှေ့ပြောင်း အလုပ်သမားများ အတွက် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ 'Health Information for Migrants in South East Asia' ဆွေးနွေးပွဲကို တက်ရောက်ပြီး စာတမ်း တင်သွင်းခဲ့ကာ ရုပ်ရှင် ထုတ်လုပ်သူများ ကိုယ်စား ကွာလာလမ်ပူ ကမ္ဘာ့ ရုပ်ရှင်ပွဲတော် (KL World Film Festival) ကို တက်ရောက်ခဲ့သည်။

၂၀၀၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဘုံဘေမြို့တွင် ကျင်းပသော (၅) ကြိမ်မြောက် အာရှရုပ်ရှင် ပွဲတော် (Fifth Asian Eye Film Festival) ကို တက်ရောက်ပြီး 'Myanmar movies: Past, Present & Future' စာတမ်းကို ဖတ်ကြားခဲ့ပြီး မြန်မာနိုင်ငံ အကြောင်း မီးမောင်း ထိုးပြနိုင်သော ဇာတ်ကား ရှစ်ကားကိုလည်း အင်္ဂလိပ် စာတန်းထိုးကာ ပြသနိုင်ခဲ့သည်။

၁၉၇၈ မှ ၁၉၈၁ ခုနှစ် အထိ Commerce Graduate Association (Myanmar) ၏ အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ၁၉၈၉ မှ ၁၉၉၁ အထိ ရုပ်ရှင် အစည်းအရုံး အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ၁၉၉ဝ မှ ၁၉၉၂ အထိ ရန်ကုန် ယူနီဆက် (UNICEF)၊ IDD project သတင်း ပြန်ကြားရေး အရာရှိ၏ အတိုင်ပင်ခံ၊ ၁၉၉၃ မှ ၂၀၀၃ အထိ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း (Myanmar Maternal & Child Welfare Association) ၏ အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ၁၉၉၉ မှ ၂၀၀၆ အောက်တိုဘာ အထိ Population Services International Myanmar (PSI - Myanmar) ၏ ဆက်သွယ်ရေး အရာရှိ (အသံလွှင့် ဌာနများ၊ Broadcast Media)၊ ၂၀၀၅ ဖေဖော်ဝါရီ မှ ၂၀၀၇ ဖေဖော်ဝါရီ အထိ မြန်မာ ခရစ်ကက် ဖက်ဒရေးရှင်း အထွေထွေ အတွင်းရေးမှူး၊ ၂၀၀၅ ဇွန် မှ ၂၀၀၇ ဇူလိုင် အထိ ရုပ်ရှင် အစည်းအရုံး တွဲဖက် အတွင်းရေးမှူး (၃) အစရှိသော တာဝန်များကို ထမ်းဆောင်ခဲ့သည်။