ဆူရ်ဘုန်လေယာဉ်ကွင်း

Listing Description

ချင်းပြည်နယ်၏ ပထမဆုံးသော လေကြောင်းဝင်ပေါက်ဖြစ်သည့် ဆူရ်ဘုန် လေဆိပ်သည် ဖလမ်းမြို့၏ အနောက်မြောက်ဘက် ၈ မိုင် ၅ ဖာလုံအကွာ၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၆၀၀၀ ရှိ ဆူရ်ဘုန်တောင်ကြော တွင် တည်ရှိပြီး ငွေကျပ် ၃၅ ဒသမ ၁၉၁ ဘီလီယံ အကုန်အကျခံတည်ဆောက် ခဲ့ခြင်းဖြစ်သည်။ လေယာဉ်ကွင်း မြေဧရိယာ ၁၂၅၄ ဒသမ ၇၃ ဧကရှိပြီး လေယာဉ် ပြေးလမ်း အလျားပေ ၆၀၀၀၊ အကျယ်ပေ ၁၀၀ ရှိကာ လေယာဉ်ပြေးလမ်းသည် Flexible Pavement အမျိုးအစားဖြစ်သည်။ လေယာဉ်ပြေးလမ်း ခံနိုင်ရည် ၅၁၀၀၀ ပေါင်(23000 Kg) ရှိကာ ATR 72 – 500/ 600 လေယာဉ်များ ဆင်းသက် နိုင်မည်ဖြစ်သည်။ လေယာဉ်ပြေးလမ်းအရှိန်သတ်အစွန်း (Over run) သည် အလျားပေ ၂၀၀၊ အကျယ် ပေ ၁၀၀ နှင့် လေယာဉ်ရပ်နားရန်နေရာ အလျား ပေ ၂၅၀၊ အကျယ်ပေ ၂၅၀ ရှိပြီး လေဆိပ်အဆောက်အအုံသည် အလျား-၁၅၆ ပေ၊ အကျယ် ၈၄ ပေရှိ၍ လေဆိပ်တွင် ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်း အချက်အလက်ကောင်တာကို ဖွင့်လှစ်ထားရှိပြီး ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များအနေဖြင့် ချင်းပြည်နယ်၏ ခရီးသွားဆွဲဆောင်မှုများနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ အချက်အလက်များကို စုံစမ်းသိရှိနိုင်မည်ဖြစ်ကာ Digital Informational stand မှတစ်ဆင့် www.chintravel.com.mm သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းနှင့် ခရီးသွားဧည့်သည်များအနေဖြင့်လည်း ခရီးသွားအတွေ့အကြုံများကို ပြန်လည်ဝေငှကာ ချင်းပြည်နယ်ကို ပိုမိုလည်ပတ် စေနိုင်မည့် ခရီးစဉ်ဒေသတစ်ခုအဖြစ် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရ သည်။

အကျိုးကျေးဇူးများရရှိ ခံစားနိုင်မည်

ဆူရ်ဘုန်လေဆိပ်ကို ချင်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ချင်းပြည်နယ်သို့ အချိန်တိုအတွင်း သွားလာလည်ပတ်နိုင်ရန်နှင့် ချင်းပြည်နယ် အတွင်းရှိ ဒေသခံပြည်သူများ မြန်မာနိုင်ငံအတွင်းရှိ ဒေသများသို့ လွယ်ကူ လျင်မြန်စွာသွားလာနိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါလေဆိပ် တည်ရှိခြင်းကြောင့် တောင်တန်းထူထပ်ပေါများသည့် ချင်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေခြင်း၊ လူမှုရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်ရေးကိစ္စရပ်များ တိုးတက်လွယ်ကူလျင်မြန် စေခြင်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးလုပ်ငန်းများ ပိုမို တိုးတက်ဖွံ့ဖြိုးလာခြင်း၊ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ခြင်း၊ ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်း၊ နိုင်ငံတော်၏ လူမှုစီးပွားတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ ဒေသခံ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်းနှင့် တောင်ပေါ်နှင့်မြေပြန့် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများရရှိ ခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဆူရ်ဘုန်လေဆိပ်သစ်သို့ ပြည်တွင်းလေကြောင်းခရီးစဉ်များပျံသန်းပြေးဆွဲနိုင်ရန် လေကြောင်းလိုင်းများနှင့် ညှိနှိုင်းဆောင်ရွက်မည်