ပိုင်တံခွန်

Listing Description

စက်တင်ဘာလ ၁၇ရက် ၁၉၉၆ ခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် အမိ ဒေါ်ခင်ကြူနှင့် အဖ ဦးထွန်းမိုး တို့မှမွေးဖွားခဲ့သည်။ သို့သော် ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့တွင် ကြီးပြင်းခဲ့သည်။ မွေးချင်းခြောက်ဦးတွင် စတုတ္ထမြောက်သားဖြစ်ပြီး အစ်ကို (၁) ယောက်၊ အစ်မ (၂) ယောက်နှင့် ညီ (၂) ယောက်ရှိသည်။ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ခမောက်ကြီးမြို့တွင် အခြေခံပညာသင်ကြားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြောင်းရွေ့ရှိလာပြီးနောက် John Lwin Model Training သို့ ချိတ်ဆက်ခဲ့သည်။ ထိုမှာပင် မော်ဒယ်ပညာနှင့် Catwalk တို့ကိုသင်ယူခဲ့သည်။ John Lwin International Model Agency ၏ ကြော်ငြာပွဲများတွင် ပါဝင်ခဲ့သည်။ ထို့နောက် တီဗီကြော်ငြာများနှင့် DVD များတွင်လည်း ပါဝင်ခဲ့သည်။ သီချင်းဗီဒီယိုများနှင့် ဖက်ရှင်မဂ္ဂဇင်းများတွင်လည်း ပါဝင်လာခဲ့သည်။ သူ၏ အလုပ်ကြိုးစားသောကြောင့် ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးများမှ သတိထားမိလာကာ ရုပ်ရှင်သရုပ်ဆောင်လောကသို့ ဝင်ရောက်လာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ပိုင်တံခွန်သည် နန်းဆုရတီစိုးနှင့်အတူ မလေးရှားနိုင်ငံတွင် ကျင်းပသော "Asean Celebrity Explore Quest Malaysia 2016" (ACEQM) တွင် နိုင်ငံကိုယ်စားပြုအနုပညာရှင်အဖြစ် တက်ရောက်ခဲ့သည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် တစ်ကိုယ်တော်သီချင်းအယ်လ်ဘမ် "ချစ်သူ" ထွက်ရှိခဲ့သည်။ထို့နောက် "သန်းခေါင်ယံခရီးသည်များ" ရုပ်ရှင်နှင့် "လူဆိုးလေးများ ၂" ရုပ်ရှင်တို့တွင် ဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် BuzzFeed မီဒီယာ၏ "23 Stunning South Asian Men That Are Too Gorgeous For Words" တွင် ဖော်ပြခြင်း ခံခဲ့ရသည်။ ၂၀၁၉ ခုနှစ် မတ်လတွင် "ခရီးသွားကောက်ကြောင်း" ဇာတ်လမ်းတွဲတွင် ဇာတ်ဆောင်မင်းသားအဖြစ်ပါဝင်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဧပြီလတွင် "သူဘယ်သူလဲ" ရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် The Myanmar Times ၏ ထိပ်တန်းမင်းသားဆယ်ဦးစာရင်းတွင် ဒုတိယနေရာ၌ ဖော်ပြခြင်းခံခဲ့ရသည်။ ၂၀၂၁ ဒီဇင်ဘာ ၂၈ရက်​နေ့ တွင် TC Candler ၏ [The 100 Most Handsome Faces of 2021] တွင် ကမ္ဘာ့အ​ချောဆုံးမျက်နှာပိုင်ရှင် နံပါတ်၁​ ​နေရာ၌ ရွေးချယ်​ဖော်ပြခြင်းခံခဲ့ရသည်။

၂၀၁၉ ခုနှစ်တွင် OPPO MYANMAR, TELENOR MYANMAR, SUNKIST MYANMAR, T247 ENERGY DRINK နှင့် SAILUN TIRE MYANMAR တို့တွင် အမှတ်တံဆိပ်သံအမတ်အဖြစ် ဆောင်ရွက်ခဲ့သည်။