နမ့်ခမ်းမြို့ ရွှေလီကြိုးတံတားဟောင်း မြစ်အတွင်းကျိုးကျ

Listing Description

နမ့်ခမ်း နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့၌ ဒုတိယကမ္ဘာစစ်ကာလ အင်္ဂလိပ်တို့က ၁၉၃၄ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ပြီး ၁၉၃၇ ခုနှစ်တွင် ပြီးစီးခဲ့သော နမ့်ခမ်းမှ ဗန်းမော်သို့ ဆက်သွယ်သွားလာသည့် အလျား ၂၄၄ ပေ၊ အနံ ၁၄ ပေရှိ ရွှေလီမြစ်ကူး ဘေလီကြိုး တံတားသည် နိုဝင်ဘာ ၂၃ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ကျိုးကျသွားသည်။

အဆိုပါကြိုးတံတားမှာ သံမဏိ ကြိုး တစ်ဖက်စီတွင် ခုနစ်ချောင်း၊ နှစ်ဖက် ၁၄ ချောင်းဖြင့် ခံနိုင်ရည် သတ်မှတ်ထားပြီး ၁၉၈၉ ခုနှစ်က ပြန်လည်ပြုပြင်ခဲ့သည်။ ယခင်က ထိုတံတားကို အသုံးပြု၍ ဗန်းမော်၊ မန်စီမြို့များ၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်စပ် မန့်ဝိန်းကြီး အပါအဝင် ကျေးရွာများကို နေ့စဉ်ဖြတ်သန်း သွားလာကြရသည်။ လမ်းတံတားအထူးအဖွဲ့ (၄) က ကြိုးတံတားအသစ် တည်ဆောက် ပြီးစီးသည့် အချိန်၌ အဆိုပါကြိုးတံတားဟောင်းကို အသုံးမပြုတော့ဘဲ၂၀၀၇-၂၀၀၈ ခုနှစ် ဘဏ္ဍာရေးနှစ်၌ ဖျက်ဆီးခွင့်ရရှိထားရာမှ ဖျက်ဆီးမှုမပြုမီ ယခုကဲ့သို့ ကျိုးကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝေမွန် (ရွှေရည်)