နှင်းပန်းအိမ်

Listing Description

အမည်ရင်းမှာ ဒေါ်သန္တာဖြစ်ပြီး ကလောင်အမည်မှာ "နှင်းပန်းအိမ်" ဖြစ်ပါသည်။ အဘ ဦးတင်စိန်၊ အမိဒေါ်သန်းစိန်တို့မှ ၁၉၆၆- ဧပြီ(၈)ရက်နေ့တွင် ရန်ကုန်မြို့ တောင်ဥက္ကလာ ၌ မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူ ဦးတင်စိန်သည် ၁၉၆၆ -တွင် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စဖြင့် အဖမ်းခံရ ပြီး မန္တလေးထောင်၊ အင်းစိန်ထောင်တို့မှတဆင့် ကိုကိုးကျွန်းသို့ အပို့ခံခဲ့ရသည်။ ဖခင်ဖြစ်သူ နှင့် (၆)လသမီးထဲက ခွဲခွာခဲ့ရပြီး (၇)နှစ်သမီးအရွယ်ရောက်မှ ပြန်လည် တွေ့ခဲ့ရပါသည်။

၁၉၈၈- (၈)လေးလုံးအရေးတော်ပုံတွင် စာရေးသူပါဝင်ခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်လူငယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၂-တွင် အဖွဲ့ချုပ်လူငယ် ကိုနေဦးနှင့်အိမ်ထောင်ကျပြီး ၁၉၉၃-တွင် သားတယောက် ဖွား မြင်ခဲ့သည်။ ၁၉၉၈-ဖေဖော်ဝါရီ(၁၈)ရက်နေ့တွင် ခင်ပွန်းသည်အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် (၁၄) နှစ်ဖြင့် အင်းစိန်ထောင်၊ မန္တလေးထောင်၊ မုံရွာထောင်တို့မှတဆင့် ကလေးအကျဉ်း ထောင်သို့ ရွှေ့ပြောင်းခံခဲ့ရသည်။

၁၉၉၉ ခုနှစ် " မြန်မာအမျိုးသမီးများနေ့ " ဆောင်းပါးပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည်။ ထိုမှစ၍ နွယ်နီမဂ္ဂဇင်းတွင် ခရီးသွားဆောင်းပါးများ အတွေ့အကြုံ အတွေးအမြင်များ ရေးသားခဲ့သည်။ ၂၀၀၀- ခုနှစ် နွယ်နီမဂ္ဂဇင်းတွင်ပါသည့် " ပတ်ဝန်းကျင် ကျေးဇူးတရားနှင့် ကြယ်ပွင့်လေး " ဆောင်းပါးဖြင့် ဂျပန်နိုင်ငံရောက် စာဖတ်သူချီးမြှင့်သည့် " ကျနော်အကြိုက်ဆုံး ဆု"ကို ရရှိခဲ့သည်။

ကလျာ၊ နွယ်နီ၊ မဟေသီ၊ ချယ်ရီ၊ ရုပ်ရှင်တေးကဗျာ၊ ပိတောက်ပွင့်သစ်၊ ပန်းအလင်္ကာ မဂ္ဂဇင်းတို့နှင့် အက်ရှင်တိုင်းဂျာနယ်၊ ဖလားဝါးနယူးဂျာနယ်တို့တွင် ဆောင်းပါး၊ အက်ဆေး ဝတ္ထုတိုပေါင်း (၂၀၀)နီးပါး ရေးသားခဲ့သည်။

ထိုဝတ္ထုတိုများထဲမှ ရွေးထုတ်ပြီး " ခေတ်သစ် မယ်မဒီနှင့် အခြားဝတ္ထုတိုများ" ဝတ္ထုတိုပေါင်း ချုပ်ကို ချမ်းမြေ့ရတနာစာပေမှ ၂၀၀၇-ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ထိုဝတ္ထုတိုပေါင်းချုပ်ဖြင့် ၂၀၀၇- တော်ဘုရားလေးစာပေဆုတွင် အကောင်းဆုံးဝတ္ထုတိုပေါင်းချုပ်ဆု ရရှိခဲ့ပါသည်။

၂၀၀၇- ခု ချယ်ရီမဂ္ဂဇင်းမှာပါသည့် " ရိုးချောင်းဘေးက ကြာ "ဘဝသရုပ်ဖော်ဝတ္ထုတိုဆုကို "နေမင်းအားမာန်"အဖွဲ့မှ ၂၀၀၈- အောက်တိုဘာ (၂၆)တွင် ဆုချီးမြှင့်ခဲ့ပါသည်။

ခင်ပွန်းသည်ကိုနေဦးသည် ၂၀၀၅-တွင်လွတ်မြောက်ခဲ့ပြီး ၂၀၀၈-ခုနှစ်၊ စက်တင်ဘာလ၌ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွာသွားပြီးနောက်၊ နှင်းပန်းအိမ်သည်လည်း သားငယ်နှင့်အတူ ၂၀၀၈-ခုနှစ်၊ နိုဝင်ဘာလတွင် လိုက်ပါသွားသည်။