နန်းဇား ရှေးဟောင်းဇေတဝန်ကျောင်းတော်

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့မှ ၄၃ မိုင်ခန့်အကွာ၊ ကနန်းဒေသ နန်းဇားရွာတွင် တည်ရှိပါသည်။ ကျောင်းတော်ကြီးကို သက္ကရာဇ် ၁၁၄၀ ခုနှစ်တွင် တည်ဆောက်ခဲ့သည်ဟု ပုရပိုက်မှတ်တမ်းအရ သိရသည်။ တိုင်လုံးရေ ၁၆၉ တိုင်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး အရှေ့အနောက် ၁၂၆ ပေ၊ တောင်မြောက် ၁၀၅ ပေ ကျယ်ဝန်းသည်။ နံရံဆေးပန်းချီများရှိခြင်း၊ ပန်းပု ပန်းခက်များရှိခြင်း၊ ဇေတဝန်ဆောင်တိုင်များကို ရွှေပိန်းအစစ်ချထားခြင်း၊ မျက်နှာကြက်နှင့် ရွဲလုံးများလှပစွာရှိခြင်း၊ ဇေတဝန်ဆောင်အမိုးမျက်နှာကြက်များကို သစ်သားများဖြင့် ထည်ဝါခိုင်ခန့်စွာ မိုးထားခြင်းတို့မှာ ထူးခြားလှပါသည်။ ကျောင်းတော်ကြီးတွင် ရှေးဟောင်းယဉ်ကျေးမှုဌာနမှ မှတ်တမ်းတင်ထားသည် ဘုရားဆင်းတုတော်များအပါအဝင် ပစ္စည်းပေါင်း ၁၇၀ ကျော်နှင့် မိုးရွာစေရန် အဓိဋ္ဌာန်၍ ရေသပ္ပါယ်ရသော မိုးကောင်းဘုရားခေါ် ကျိန်းတော်မူဆုတောင်းပြည့်ဘုရားရှိသည်။ ထိုဘုရားကို ရှေးလူကြီးများက အင်းအစီအရင်ဖြင့် ကံငါးပါးလုံခြုံစွာ ထုလုပ်ထားသည်ဟုသိရသည်။ ထို့ပြင် သူရဿတီအင်းဖြင့် စီရင်ပြုလုပ်ထားသည်ဟု ဒေသခံများယူဆကြသည့် ထူးခြားသော ပတ်မကြီးတစ်လုံးကိုလည်း မြင်တွေ့နိုင်ပါသည်။