မြဒေါင်းညို (၁၉၁၅ - ၁၉၈၃)

Listing Description

စာရေးဆရာ မြဒေါင်းညိုကို သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ၁၉၁၅ ခု၊ ဇန်နဝါရီလ ၁၃ ရက်တွင် အဖ ဦးမြ၊ အမိ ဒေါ်မိလေးတို့က ဖွားမြင်သည်။ အမည်ရင်း ဦးအောင်သိန်း ဖြစ်သည်။

ငယ်စဉ်က ရန်ကုန်မြို့ စိန်ပေါ အထက်တန်းကျောင်းတွင် ပညာသင်ယူခဲ့ရာ ၁၉၂၈ ခုတွင် ၁ဝ တန်းစာမေးပွဲကို အင်္ဂလိပ်၊ မြန်မာ၊ ရာဇဝင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ် သပိတ်မှောက်ရာ၌ ပါဝင်ခဲ့သည်မှ စ၍ ပညာ တပိုင်းတစနှင့် ကျောင်းထွက်ခဲ့သည်။ တက္ကသိုလ်မှ ထွက်လျှင် ထွက်ချင်း နယူးဘားမား အင်္ဂလိပ် သတင်းစာတွင် ဝင်ရောက် လုပ်ကိုင်သည်။ ဒုတိယကမ္ဘာစစ် မဖြစ်မီ တက္ကသိုလ် ပညာကို ဆက်လက် သင်ယူပြီးနောက် ဝိဇ္ဇာဘွဲ့ကို ဆွတ်ခူးရရှိသည်။

က္ကသိုလ် ကျောင်းသား ဘဝကပင် စတင်၍ ဂန္ထလောက၊ အိုးဝေ စသော မဂ္ဂဇင်းများတွင် မြဒေါင်းညို ဟူသော ကလောင်အမည်ဖြင့် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုများ ရေးသားခဲ့သည်။ သူရိယ၊ မြန်မာ့အလင်း၊ ဆယ်တန်း၊ ဗမာ့ခေတ် စသော သတင်းစာများတွင်လည်း အယ်ဒီတာ အဖွဲ့ဝင်ဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ရာ ဆရာကြီး ကိုယ်တော်မှိုင်း၊ သံတော်ဆင့် ဦးသိမ်းမောင် စသော စာရေးဆရာ သတင်းစာ ဆရာကြီးများထံ ပညာ ဆည်းပူးရင်း ဆောင်းပါးရှည်ကြီးများနှင့် ခေါင်းကြီးများကို ဝင်ရောက် ရေးသားခဲ့သည်။

မြဒေါင်းညို၏ ပထမဆုံးသော လုံးချင်း စာအုပ်မှာ စာရေး ဆရာမကြီး ပါးအက်စဘတ်၏ 'သည်ဂွတ်အတ်' ဝတ္ထုကိုမှီး၍ သာယာဝတီ ဂဠုန် ဆရာစံ၏ ပုန်ကန်ထကြွမှုကို ဂုဏ်ပြုသော အားဖြင့် ရေးသားသော 'ဝသုန်ဤမြေ' ဖြစ်သည်။ ထို့နောက် နဂါးနီ စာတိုက်မှ ထုတ်ဝေသော 'အော် ငါ့သား ငါ့သား'၊ 'အိုင်ယာလန် သူပုန်အဖွဲ့'၊ 'ကူကလုကလန်'၊ 'မာတာဟာရီ ကမ္ဘာ့လျှို့ဝှက် အသင်းများ'၊ 'ဘန္တေမာတရမ်' ကိုမှီးသော 'အမေ'၊ ရူဆိုး ရေးသားသော 'ဆိုရှယ်လစ်ဝါဒ'၊ ပါတော်မူနေ့ အထိမ်းအမှတ် အဖြစ် 'တောက်ခေါက်မိတယ်'၊ 'ဗမာ့ဝါဒ'၊ 'ကူလီ'၊ 'အလုပ်ရုံ အလုပ်သမားပိုင်ရမည်'၊ 'မာရှယ်တီတိုး'၊ 'အိုင်စင်ဟောင်ဝါ'၊ 'ဗမာ့ဆင်းရဲသားဘုံဝါဒ'၊ 'ဘူရှီဒို' စသော စာအုပ်များကို ရေးသည်။

ဂျန်ပန်ခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ရဲဘော်သုံးကျိပ်တို့ အကြောင်း ရေးသားပြုစု၍ 'ရဲဘော်သုံးကျိပ်' အမည်ဖြင့် စာအုပ်ထုတ်ဝေရာ မြန်မာနိုင်ငံ စာရေးဆရာ အသင်းဆုကို ၁၉၄၃ ခုနှစ်တွင် ရရှိခဲ့သည်။ အဆိုပါ စာအုပ်တွင် မြန်မာ့ လွတ်လပ်ရေး အတွက် အသက်သွေးခဲဖြင့် ရင်းနှီး ဆောင်ရွက်ခဲ့ကြသော ရဲဘော်သုံးကျိပ် အနက် မေဂျာဂျင်နရယ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ထွန်းအုပ်၊ ဗိုလ်စောအောင်၊ ဗိုလ်မြင့်ဆွေ၊ ဗိုလ်စောမောင်၊ ဗိုလ်မိုး၊ သခင်သန်းတင် (ဖော်မိုဆာ)၊ သခင်သန်းတင် (ဇင်းမယ်)၊ ဗိုလ်ထိန်ဝင်း၊ ဗိုလ်နေဝင်း တည်းဟူသော ရဲဘော်သုံးကျိပ်ဝင် ၁ဝ ဦးတို့၏ အတ္ထုပ္ပတ္တိကို ရေးသားထားသည်။

ထို့နောက် နာမည်ကြီး 'ရွှေတောင်တိုက်ပွဲ' အကြောင်း စာအုပ်ကိုလည်း ရေးသား ထုတ်ဝေသည်။ တဖန် တော်လှန်ရေးအတွင်း ကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့သော ဖောင်ကြီးတိုက်ပွဲကို ဂုဏ်ပြုသော အားဖြင့် 'လွတ်လပ်မှ အမျှဝေပါ' ဟူသော စာအုပ်ကို ရေးသား ထုတ်ဝေခဲ့သည်။

၁၉၄၇ ခုနှစ်တွင် တိုင်းလုံးကျော်၊ ဇွဲ၊ ဘွင်းဘွင်း၊ ဘဝသစ် စသော ညနေ သတင်းစာများကို ကိုယ်တိုင်ကြီးကြပ် ထုတ်ဝေခဲ့သည်။

၁၉၅၇ ခုနှစ်တွင် မြန်မာနိုင်ငံ အစိုးရ၏ ပညာတော်သင်ဆုကို ရရှိပြီး ယူဂိုစလားဗီးယားနိုင်ငံ၊ ဘဲလ်ဂရိတ် တက္ကသိုလ်သို့ ပညာသင် သွားရောက်ခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်တွင် 'အလုပ်ရုံ အလုပ်သမား ကိုယ်ပိုင်အုပ်ချုပ်ရေး ပညာ' ဟူသော ကျမ်းစာအုပ်ကို ပြုစုရေးသားကာ ပါရဂူ (Ph.D.) ဘွဲ့ကို ဆွတ်ခူးရရှိသည်။ ၁၉၆၁ ခုတွင် အဆိုပါ ကျမ်းစာအုပ်ကို ဘယ်လ်ဂျီယမ်နိုင်ငံ၌ ထုတ်ဝေဖြန့်ချိရန် သွာရောက်ခဲ့သည်။ ထိုမှတဆင့် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့၏ ပညာသင်ဆု ရရှိကာ အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့သို့ သွားရောက် အမှုထမ်းသည်။ ဟားဗတ် တက္ကသိုလ်တွင် ဘောဂဗေဒ ပါမောက္ခ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၃-ခုနှစ်၊ အောက်တိုဘာလ။ ၂၈ ရက်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကွယ်လွန်ခဲ့သည်။