မွန်ပြည်နယ်ဝန်ကြီးချုပ် သက်မွေးပညာသင်တန်းကျောင်း(မုဒုံ)ပင်မစာသင်ဆောင်ပန္နက်တင် မင်္ဂလာအခမ်းအနား တက်ရောက်

Listing Description

မုဒုံ ဇန်နဝါရီ ၂၄

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇန်နဝါရီ ၂၃ ရက် နံနက် ၈ နာရီက မုဒုံမြို့နယ် သက်မွေး ပညာသင်တန်းကျောင်း (မုဒုံ) ပင်မစာသင်ဆောင် အဆောက် အအုံတည်ဆောက်ရေး ပန္နက်တော်တင်မင်္ဂလာ အခမ်း အနားသို့ တက်ရောက်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းအုပ်ကြီးနှင့် မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူးတို့က မင်္ဂလာအချိန်တော်တွင် ပန္နက်တိုင် တော်များကိုအသီးသီးစိုက်ထူကာ ပန္နက်တိုင်တော်တွင် မင်္ဂလာပန်းစည်းများချည်နှောင်ပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြသည်။

ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်များအလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်ရန်နှင့် မည်သည့်နေရာတွင် မဆို အလုပ်အကိုင်များတွင် ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင်စေရန် ပညာရပ်များကိုသင်ကြားပေးမည် ဖြစ်ပြီး ဝင်ငွေများတိုးလာစေရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ် ရခြင်းဖြစ်ကြောင်း မော်လမြိုင်အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်း ကျောင်းအုပ်ကြီး ဒေါက်တာစည်သူကျော်ထံမှ သိရသည်။

အဆိုပါ သက်မွေးပညာသင်တန်းကျောင်း(မုဒုံ) ပင်မ စာသင်ဆောင် သံကူကွန်ကရစ် သုံးထပ် ပေ ၁၇၀ x ပေ ၁၃၀ အဆောက်အအုံကို ပြည်ထောင်စုဘတ်ဂျက် ငွေကျပ် သန်း ၁၆၀၀ ဖြင့် စုန်ရေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မုဒုံမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ပြင်ပလူနာဆောင် တည်ဆောက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကိုမှာကြားခဲ့ ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)