မိုးကောင်းမြို့၌ တိမ်ပင်လယ်ခရီးစဉ်ဒေသသစ် ဖော်ဆောင်လျက်ရှိ

Listing Description

မိုးကောင်း  ဇန်နဝါရီ  ၃

ကချင်ပြည်နယ် မိုးကောင်းမြို့၌ တိမ်ပင်လယ်ခရီးစဉ်ဒေသသစ်ဖော်ဆောင်လျက်ရှိရာ  အများပြည်သူများ အပန်းဖြေကြည့်ရှုနိုင်ရန် ယနေ့နံနက်ပိုင်းက ဝါးကွပ်ပျစ်များ ဆောက်လုပ် လျက်ရှိကြောင်း သိရသည်။

မိုးကောင်းမြို့၏အရှေ့တောင်ဘက်ရှိ လွိုင်ဟင်းချယ်တောင်ပေါ်မှ ကြည့်ရှုရသည့် တိမ်ပင်လယ်အား ခရီးစဉ်ဒေသသစ်ဖော်ဆောင်နိုင်ရန် ပြည်နယ်ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကြည့်ရှုလေ့လာကာ ခရီးစဉ်ဒေသသစ် ဖော်ဆောင်နိုင်ရန် ဆက်လက်ဆောင်ရွက် လျက်ရှိပြီး  ဇန်နဝါရီ  ၄  ရက်နေ့တွင်ကျရောက်သည့် လွတ်လပ်ရေးနေ့တွင် အများပြည်သူများ တက်ရောက်ကြည့်ရှုအပန်းဖြေနိုင်ရန် We Love Mogaung အဖွဲ့နှင့် ကြာအင်းရွာမကျေးရွာ လူငယ်များ ပူးပေါင်း၍  ဝါးကွပ်ပျစ်နှစ်ခု ဆောက်လုပ်ခဲ့ကြသည်။

အဆိုပါ တိမ်ပင်လယ်ကြည့်ရှုနိုင်ရန် မိုးကောင်းမြို့မှတောင်ခြေသို့ မိနစ်နှစ်ဆယ်ခန့် ကား၊ ဆိုင်ကယ်တို့ဖြင့် သွားရောက်ရပြီး တောင်ပေါ်သို့  တစ်နာရီခန့် တက်ရောက်ရမည်ဖြစ်သည်။ တိမ်ပင်လယ်ကြည့်ရှုနိုင်သည့်ကာလမှာ နှစ်စဉ် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ လေးလကြာ ကြည့်ရှုနိုင်မည်ဖြစ်ပြီး ကြည့်ရှုရန်ကြာမြင့်ချိန် သုံးနာရီနီးပါးဖြစ်ကာ မိုးကောင်းမြို့ရှိ တိမ်ပင်လယ်၏ ထူးခြားချက်မှာ  ၃၆၀ ဒီဂရီနီးပါး  မြင်တွေ့နိုင်ခြင်းဖြစ်ကြောင်းနှင့် နေ့စဉ်တိမ်ပင်လယ်ကြည့်ရှုသူဦးရေ နှစ်ရာခန့်ရှိကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)