မိုးကောင်းမြို့အနီးရှိ လွဲပုတ်ရွာဟောင်းရေတံခွန်အား ခရီးသွားပြည်သူများ လာရောက်လည်ပတ်နိုင်ရန် ဖော်ဆောင်ထားရှိ

Listing Description

မိုးကောင်း ဇန်နဝါရီ ၂၁

ကချင်ပြည်နယ် မိုးကောင်းမြို့အား ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင် လျက်ရှိရာ ခရီးသွားပြည်သူများ လာရောက်လည်ပတ်နိုင်ရန် ဇန်နဝါရီ ၂၀ ရက်က ထီးချိုင့်ကျေးရွာအနီးရှိ လွဲပုတ်ရွာဟောင်းရေတံခွန်နှစ်ခုအား ခုတ်ထွင်ရှင်းလင်း ဖော်ဆောင်ထား ကြောင်း သိရသည်။

လွဲပုတ်ရွာဟောင်းရေတံခွန်

အဆိုပါရေတံခွန်သို့ လာရောက် လည်ပတ်မည်ဆိုပါက မိုးကောင်းမြို့မှ တစ်ဆင့် ဆားမှော်ကျေးရွာနှင့် ထီးချိုင့်ကျေးရွာတို့သို့ ကား၊ ဆိုင်ကယ် တို့ဖြင့် နာရီဝက်ခန့်သွားရောက်ရပြီး တောင်ခြေအထိ ဆိုင်ကယ်ဖြင့် မိနစ် ၂၀ ခန့် သွားရောက်ကာ ၁၀ မိနစ်ခန့် တောင်ပေါ်တက်ရောက် လျှင် လွဲပုတ်ရွာဟောင်းရေတံခွန် သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရ သည်။

လွဲပုတ်ရွာဟောင်းရေတံခွန်မှာ ရေတံခွန်ငယ်များ အဆင့်ဆင့် ပေါများပြီး ရေစီးအားကောင်းကာ တောင်ကျစမ်းချောင်းတစ်လျှောက် ပြတ်ရွေ့ကျောက်တုံးကြီးများနှင့် ဆွဲဆောင်မှုရှိပြီး ပထမတွေ့ရှိရမည့် ရေတံခွန်မှာ ရေပြင်ကျယ်ပြန့်၍ ရေများ ဖြာထွက်စီးဆင်းလျက်ရှိသည်။

ဒုတိယ တွေ့ရှိရမည့်ရေတံခွန်မှာ ရေတံခွန်နှစ်ခုယှဉ်၍ တစ်ပြိုင်တည်း စီးဆင်းနေပြီး ရေတံခွန်အကြီးမှာ ၄၅ ပေခန့် အမြင့်ရှိကာ ရေတံခွန် အောက်ခြေတွင် လာရောက်လည်ပတ် သူများ ရေကစားနိုင်ရန် အနက် သုံးပေခန့်နှင့် အကျယ် ၁၀ ပေ ပတ်လည်ခန့် ရေအိုင်ရှိသည်။

ဝင်းနိုင်(ကချင်မြေ)