မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်သူ့အငှားအိမ်ရာ အခန်းပေါင်း ၃၀၀၈ ခန်းအား ယခုဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်သွားမည်

Listing Description

မန္တလေး   ဒီဇင်ဘာ   ၃

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ် ရန်ကင်းတောင်အနီး ရှင်တော်ကုန်းကျေးရွာတွင် အိမ်ရာ အခန်းပေါင်း ၃၀၀၈ ခန်း ပါဝင်သည့် မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို  ယခုဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်နိုင်ရန် သတ်မှတ်၍ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခန်းများအား တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာဝယ်ယူနိုင်စွမ်းမရှိသည့် အငြိမ်းစား ဝန်ထမ်းများ၊ အငြိမ်းစားယူရန် နီးကပ်နေသည့် ဝန်ထမ်းများ၊ ဝင်ငွေနည်း ဝန်ထမ်းများနှင့် ငွေကြေးခက်ခဲနေသည့် ပြည်သူများအတွက် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်တို့မှ ခန့်မှန်းကုန်ကျ ငွေ ၇၅ ဘီလီယံသုံးစွဲ၍ တည်ဆောက်ရန်လျာထားပြီး သြဂုတ် ၂၈ ရက်က အဆိုပါ မြေနေရာတွင် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် တည်ဆောက်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင် လျက်ရှိကြောင်း   မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောသည်။

“လောလောဆယ်မှာ   စီမံကိန်း ဧရိယာထဲကို  ဝင်မယ့်တံတားတွေနဲ့ လမ်းတွေကို   ဆောင်ရွက်ပြီးပါပြီ။ လုပ်ငန်းများလုပ်ဆောင်မှုက ၃ ရာခိုင် နှုန်းတော့ ပြီးနေပြီလို့  ပြောလို့ရပါ တယ်။ တစ်နှစ်အတွင်း   အပြီး တည်ဆောက်သွားဖို့   သတ်မှတ်ချက် ထားပြီး ဆောင်ရွက်သွားမှာပါ။ ဒီအိမ်ရာတွေပြီးသွားရင်   ရန်ကုန်၊ မန္တလေး၊  နေပြည်တော်မြို့တွေမှာ မူဝါဒတစ်ခုသတ်မှတ်ပြီး  ငှားရမ်းပေး သွားမှာပါ။ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆွေးနွေးပြီး လမ်းညွှန်ချက်တွေရပြီးမှ လျှောက်လွှာတွေ ခေါ်ဖို့ တရားဝင် ကြေညာမှာပါ။ ဌာန အနေနဲ့  လောလောဆယ် နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် ဝန်ဆောင်မှု ပေးနိုင်စေဖို့ ဒီစီမံကိန်းကို အမြန်ဆုံးပြီးစီးအောင် ကြိုးစား ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ပြောသည်။

တည်ဆောက်လျက်ရှိ

 အဆိုပါ အိမ်ရာတိုက်ခန်းများအား မြေဧက ၁၁၂  ဧကပေါ်တွင် စတုရန်း ပေ ၆၅၀ အကျယ်အဝန်းရှိ လေးခန်းတွဲ လေးထပ်ပါ   တိုက်လုံးရေ  ၁၈၈ လုံး၊ စုစုပေါင်း  ၃၀၀၈ ခန်းကို တည်ဆောက် သွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းကို မြန်မာမြို့ပြနှင့် အခြေခံ အဆောက် အအုံများ     ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များ အသင်းနှင့်  မြန်မာနိုင်ငံ  လိုင်စင်ရ ကန်ထရိုက်တာများ    အသင်းတို့က  တာဝန်ယူ    တည်ဆောက်လျက်ရှိ ကြောင်း သိရသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှ    အဆိုပါ    ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို ရန်ကုန်မြို့တွင် အခန်း ပေါင်း    ၆၃၀၀၊  နေပြည်တော်တွင် အ ခန်းပေါင်း ၇၀၀ နှင့် မန္တလေးမြို့တွင် အခန်းပေါင်း ၃၀၀၈  ခန်းကို အကောင် အထည်ဖော် တည်ဆောက်လျက်ရှိရာ အဆိုပါ အခန်းများပြီးစီးပါက     ပြင်ပ တွင် ငှားရမ်းနေထိုင်သည့် နှုန်းထား များထက် ပိုမိုသက်သာသည့် အငှား စနစ်ဖြင့်    နေရာချထားပေးမည် ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)