မန္တလာမြင့်(၁၉၀၀-၁၉၉၀)

Listing Description

ဒေါ်မန္တလာမြင့်ကို ၁၉၁၀-ခုနှစ်၊ မတ်လ(၁၆)ရက်နေ့၌ အဖဦးမျှင်နှင့် အမိဒေါ်ဆင့်တို့မှ မန္တလေးမြို့ ရေကြည်အရပ် (ရေကြည်ရပ်သည် မန္တလေး ၈၅ လမ်းနှင့် ၂၅ လမ်း၊ အောင်မြေသာစံမြို့နယ်) တွင် ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ မငွေ ဖြစ်ပြီး မွေးချင်းငါးဦးအနက် တတိယသမီး ဖြစ်သည်။

မငွေ ခုနှစ်လသမီးအရွယ်ကပင် မျက်စိကွယ်ခဲ့သည်။ အသက် ၁၁-နှစ်အရွယ်တွင် မန္တလေးဈေးချိုတော် ပိုးတန်း၌ သီချင်းဆိုပြရင်း ဘဝလောကဓံကို ရုန်းကန်ရင်ဆိုင်ခဲ့ရသည်။

အသက် ၂၅-နှစ်အရွယ်တွင် ဘဝလမ်းကြောင်းက ပြောင်းလဲသွားသည်။ မန္တလေး ရိုးကုမ္ပဏီ၏ တိုက်ခွဲမှတစ်ဆင့် ရန်ကုန် ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီ၌ ဓာတ်ပြားသွင်းရန် မငွေကို လာခေါ်သည်။ သို့ဖြင့် မငွေ ရန်ကုန်သို့လိုက်သွားရသည်။ ရန်ကုန်ဂီတလောကသို့ ရောက်လာသောအခါ မန္တလေးသူဖြစ်သဖြင့် မန္တလာမြင့်ဟု အမည်ပေးခဲ့ကြသည်။ ၁၉၃၅-ခုနှစ်တွင် မန္တလာမြင့်တို့ စတင် သီချင်းဓာတ်ပြား သွင်းကြရသည်။

ဒေါ်မန္တလာမြင့်၏ ပထမဆုံး ဓာတ်ပြားသီချင်းမှာ ဂီတစာဆို ဆရာရွှေတိုင်ညွန့် ရေးစပ်သည့် ဘောလယ်သံဆန်း ဖြစ်သည်။ ဤသီချင်းကပင် မငွေအား မန္တလာမြင့်အဖြစ် ထင်ပေါ်ကျော်ကြား လာစေခဲ့သည်။ အောင်မြင်သော အဆိုတော်တစ်ဦးဘဝသို့လည်း ပို့ဆောင်ပေးခဲ့သည်။

နန်းတော်ရှေ့ဆရာတင် ရေးစပ်သော ရွှေဘိုသနပ်ခါး သီချင်းသည် မန္တလာမြင့်၏ အကျော်ကြားဆုံးတေးဟု ဆိုကြသည်။ သီဆိုခဲ့သော သီချင်းပေါင်း (၂၁)ပုဒ်ရှိသည်။ ၁၉၃၅ -ခုနှစ်မှ ၁၉၃၈ ခုနှစ်အထိ သီချင်းဆိုခဲ့သည်။ ဒေါ်မန္တလာမြင့်သည် အဆိုအတီး ပညာရှင်များဖြစ်သော ရွှေပြည်အေး၊ ဂီတာစိမ်းမောင်၊ ဦးသောင်းဖေ (ဂီတာသောင်း)၊ စောင်းဦးဘသန်း၊ ဦးဘထင်၊ ဦးအုန်းမောင်၊ ဦးအောင်ချင်း (ဂီတာဦးစိမ်းမောင်၏ ဖခင်) စသည့် ပုဂ္ဂိုလ်များနှင့် တွဲဖက်သီဆိုခဲ့ရသည်။

ဒေါ်မန္တလာမြင့်သည် တူ၊ တူမများနှင့် နေထိုင်ရင်း အသက် ၈၁-နှစ်အရွယ် ၁၉၉၀-ခုနှစ်၊ မေလ (၃)ရက်နေ့တွင် မန္တလေးမြို့၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ မြင်းစာရေးကြီးဝင်း နေအိမ်၌ ကွယ်လွန်သွားခဲ့သည်။