မဟာဂန္ဓာရုံကျောင်းတိုက်

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နှင့် သုံးမိုင်အကွာ ဗန်းမောက်-မြစ်ကြီးနားကားလမ်းအနီး ကတူးတိုင်းရင်းသားများနေထိုင်သော စက်တောကုန်းရိုးကြီးကျေးရွာတွင် တည်ရှိသည်။ ကျောင်းတိုက်တွင် ၁၂၃၆ ခုနှစ် မင်းတုန်းမင်းကြီး လှူဒါန်းပူဇော်ခဲ့သော မြသိန်းတန်စေတီအပြင် ရှေးဟောင်းဆင်းတုတော်များကို ဖူးမြော်ကြည်ညိုနိုင်ပြီး မင်းတုန်းမင်းကြီး၏ စကြာဒေဝီမိဖုရားခေါင်လှူဒါန်းထားသော ကျောက်စီမာလိကာတန်ဆာနှင့် အဆောင်အယောင်ပစ္စည်းများ၊ ထီးဖြူတော်နှစ်လက်၊ ထီးအရိုးတစ်လက်၊ ဆင်စွယ်ဗီရိုနှစ်လုံး၊ တစ်ကြောင်းစာချွန်တော်များ၊ ရွှေရေးစာတိုက်သေတ္တာ၊ ပုရပိုက်ထည့်သောသေတ္တာ၊ သံဃာတော်များအတွက် အကာအရုံပစ္စည်း၊ ရွှေဟင်္သာရုပ်တုနှစ်ခု၊ မင်းတုန်းမင်းကြီးလှူဒါန်းသည့် ကြွေကွမ်းထွေးခံနှစ်လုံး နှင့် အခြားပစ္စည်းများကို ပြသထားပါသည်။ ကျောင်းတိုက်တွင် ရှေးဆရာတော်ကြီး များဖြစ်ကြသည့် ဦးဂန္ဓမာ၊ ဒုတိယဆရာတော် ဦးဂန္ဓမာတို့ သီတင်းသုံးတော်မူခဲ့ကြပြီး ယခုကျောင်းတိုက်အနောက်ဘက် နှစ်ဖာလုံအကွာအတွင်း၌ ဆရာတော်ကြီးနှစ်ပါး၏ အရိုးစေတီတော်များ တည်ထားကိုးကွယ်ထားပါသည်။