မေသန်းနု

Listing Description

၁၉၆၁ခုနှစ်၊ ဇန်နဝါရီလ၊ ၂၇ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ သန်းသန်းဆင့် ဖြစ်သည်။ ၁၉၈၁ ခုနှစ်ဝန်းကျင်တွင် အမဖြစ်သူ၏ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အနုပညာလောကသို့ ဝင်ရောက်ရန် အကြောင်းပါခဲ့သည်။ ထို့နောက် ရုပ်ရှင်အစည်းအရုံးမှ ဖွင့်လှစ်သင်ကြားသော (၁/၈၄) ရုပ်ရှင်သင်တန်းတွင် တက်ရောက်သင်ကြားခဲ့သည်။

(၁/၈၄) ရုပ်ရှင်သင်တန်းမှတစ်ဆင့် သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကြီးတွင် ခင်သန်းနု၏ သမီးနေရာမှ သရုပ်ဆောင်ရန် ရွေးချယ်ခံရပြီး ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့သည်။ စိန်လိုက်လေကြာသလားလို့ ရုပ်ရှင်ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဦးဆုံးပါဝင်သရုပ်ဆောင်ရင်း ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် မူပိုင်ချစ်သူရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူး ရရှိခဲ့ပြီး ၁၉၉၅ခုနှစ်တွင် ပုဂံမှာသာတဲ့လ ရုပ်ရှင်ဇာတ်ကားဖြင့် လည်းကောင်း၊ ၁၉၉၆ခုနှစ်တွင် အလင်းဖျော့ကောင်းကင် ဖြင့်လည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် ချစ်ခြင်း၏အခြားမဲ့၌ ဖြင့်လည်းကောင်း၊ အမျိုးသမီး ဇာတ်ဆောင်ဆုလေးဆု ဆွတ်ခူးရရှိခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ငါ သူတစ်ပါး ယောက်ကျား မိန်းမ ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အမျိုးသမီး ဇာတ်ပို့ဆုရရှိခဲ့သည်။

အိမ်ထောင်ရေးအနေဖြင့် ဒါရိုက်တာ ဇင်ယော်မောင်မောင်နှင့် လက်ထပ်ခဲ့ပြီး သားဖြစ်သူ မင်းသန့်မောင်မောင်ကို မွေးဖွားခဲ့သည်။ သူမသည် ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြီးဖြစ်သော်လည်း ပြေလည်သည့်ဆက်ဆံရေးရှိသည်ဟု သိရသည်။