မောင်သိက္ခာ (၁၉၂၉ - ၁၉၈၂)

Listing Description

ဆကာကြီးမြို့တွင် ကျားမသောင်း ဆေးပြင်းလိပ်ခုံ ပိုင်ရှင် အဖ ဦးအေးမောင်၊ အမိ ဒေါ်သောင်း တို့က ၁၉၂၉ ခု နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖွားမြင်သည်။ အမည်ရင်းမှာ ဦးခင်မြင့် ဖြစ်သည်။

ရန်ကုန်မြို့ မြို့မ အထက်တန်း ကျောင်းမှ ၁၉၅၁ တွင် တက္ကသိုလ်ဝင် စာမေးပွဲ (မက်ထရစ်) ကို အောင်မြင် ခဲ့သည်။ ၁၉၅၁ မှ ၁၉၅၄ ခုနှစ် အထိ ရန်ကုန် တက္ကသိုလ်၌ ဥပစာ သိပ္ပံ အထက်တန်း အထိ ပညာ သင်ယူ ခဲ့သည်။ လူဝင်မှု ကြီးကြပ်ရေး ဌာနတွင် လူဝင်မှု ကြီးကြပ်ရေးမှူး (Asst. Immigration Officer) အဖြစ် အမှု ထမ်းခဲ့သည်။ အမှုထမ်း ဘဝဖြင့် မြန်မာပြည် အနှံ့ ရောက်ခဲ့သည်။ ၁၉၇၆ ခုတွင် အမှုထမ်း ဘဝမှ အငြိမ်းစား ယူခဲ့သည်။

၁၉၄၈ ခုမှစ၍ 'ခင်မြင့် (ဆကာကြီး)' အမည်ဖြင့် ဝတ္ထုတိုနှင့် ဆောင်းပါးများ စတင် ရေးခဲ့သည်။ ၁၉၅၆ ခု ဒီဇင်ဘာလထုတ် "ပြည်သူ့ ဂျာနယ်" တွင် 'မောင်သိက္ခာ' ကလောင် အမည်နှင့် ရေးသား ခဲ့သည်။ အိုးဝေ၊ ဟံသာဝတီ၊ ကြေးမုံ၊ ဗိုလ်တထောင်၊ လုပ်သား စသည့် သတင်းစာများ၊ လင်းယုန်၊ ပြည်သူ့ ဂျာနယ်၊ ရှုထောင့် စသည့် ဂျာနယ်များ၊ အိုးဝေ မဂ္ဂဇင်း၊ ရန်ကုန် တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း၊ လူထု ပညာ၊ ရှုမဝ၊ မိုးဝေ၊ မြဝတီ၊ ဂီတ ပဒေသာ၊ ရုပ်ရှင် မဂ္ဂဇင်း၊ စာပေ လုပ်သား မဂ္ဂဇင်း များတွင် ဆောင်းပါးများ၊ တံငါနှင့် ရေလုပ်ငန်း ဝတ္ထုတိုများ၊ ဘဝ သရုပ်ဖော် ဝတ္ထုတိုများ၊ တောင်ပေါ်ဒေသ အတွေ့အကြုံ များနှင့် အမဲလိုက် ဝတ္ထုတိုများ ရေးသား ခဲ့သည်။ အထူးသဖြင့် ရှုမဝ မဂ္ဂဇင်း ၁၉၇၉ ခု ဩဂုတ်လမှ စတင် ရေးခဲ့သည့် မြစ်ဝကွ္ဆန်းပေါ် ဒေသ ရေလုပ်ငန်းနှင့် ပတ်သက်ရာ ပြည်သူတို့ ဘဝကို ဖော်ကျူးသော ဝတ္ထုတို များမှာ ထင်ရှား ခဲ့သည် ဆကာကြီး ဒေသ ဇလွန်ဘက်တန်းရွာ အဘဉာဏ်နှင့်ကြွက်နီတို့ ကျက်စားရာ အင်းအိုင် ချောင်းမြင်းများ ဆီမှ ငါးညှီ၊ ရွှ့ံပုပ်နံ့၊ ချေင်းရေနံ့နှင့် အတူ အဘဉာဏ် တို့၏ ခွေ္ဆးနံ့၊ အားမာန်နှင့် ညည်းသံ တို့ကိုပါ ရက်ရှယ် ရေးဖွဲ့ ခဲ့သည်။ သုတနှင့် စေတနာတို့ ပေါင်းစပ် ဖွဲ့ယှက်မှု ထူးခြား ကောင်းမွန် လှသည်။ "တံငါဘဝ သရုပ်ဖော် ဝတ္ထုများတွင် မြန်မာ စာပေ၌ ကြယ်နီသည် မီးရှူး တန်ဆောင် ဖြစ်ခဲ့သည်။ မောင်သိက္ခာလည်း တိုတောင်းသော အချိန် ကာလ လေးတွင် တံငါ ဘဝ သရုပ်ဖော်များကို ရေးနိုင်ခြင်းဖြင့် မှတ်တိုင် စိုက်ထူ ခဲ့သည်" ဟု ကေတု ဘုန်းမော်က သုံးသပ် ခဲ့သည်။ "ဆရာ သိက္ခာတွင် တကယ် သိက္ခာ ရှိပါပေသည်။ ဘာကြောင့်ဆို ကိုယ်ပိုင် ရေးနည်း ရေးဟန်ဖြင့် ထိထိမိမိ ရေးသား နိုင်ပါ သောကြောင့်တည်း" ဟု မင်းဏီက မှတ်ချက် ပေးခဲ့သည်။

ရေပြာပေါက်ချိန်နှင့် ရေလုပ်သား ဝတ္ထုတိုများ (ဝတ္ထုတို ၁၅ ပုဒ် စုစည်းမှု) [၁၉၈၅]၊ ရေချို ငါးမျိုးစုံ မွေးမြူနည်း (၁၉၈၇)နှင့် ရေဆူလို့ ပွက်ကရော့နှင့် အခြား ဝတ္ထုတိုများ (ဝတ္ထုတို ၂၆ ပုဒ် စုစည်းမှု) [၂ဝဝ၂] တို့ကို ထုတ်ဝေခဲ့သည်။

၁၉၈၂ ခု ဒီဇင်ဘာ ၂၆ ရက် တနင်္ဂနွေနေ့ နံနက် ၁၁ နာရီတွင် ရန်ကုန် အနောက်ပိုင်း ပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန် ခဲ့သည်။

ထင်ရှားသောစာအုပ်များ

ရေပြာပေါက်ချိန်နှင့် ရေလုပ်သားဝတ္ထုတိုများ(ဝတ္ထုတို၁၅-ပုဒ်စုစည်းမှု) ၁၉၈၅။

ရေချိုငါးမျိုးစုံမွေးမြူနည်း(၁၉၈၇)

ရေဆူလို့မှက်ကရော့နှင့် အခြားဝတ္ထုတိုများ(ဝတ္ထုတို ၂၆-ပုဒ်စုစည်းမှု) ၂၀၀၂-ခု။