မောက်စံရှေးဟောင်းဘုန်းတော်ကြီးကျောင်း

Listing Description

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မောက်မယ်မြို့၊ ဆီဆုံရပ်ကွက်တွင် တည်ရှိသည်။ ကောဇာသက္ကရာဇ် ၁၂၃၅ ခုနှစ်တွင် ကိုးလန်စော်ဘွားကြီး စဝ်ဖလုံက တည်ဆောက်လှူဒါန်းခဲ့သည်ဟု ကျောင်းတော်ကြီးရှိ ကမ္ပည်းမှတ်တမ်းတွင် ဖော်ပြထားသည်။ ကျောင်းကြီးကို ကျွန်းတိုင်လုံးပေါင်း ၁၀၅ လုံးဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး အချို့သော ကျွန်းတိုင်လုံးများတွင် ကျွန်းတိုင်လုံးအလှူရှင်အမည်နှင့် လှူဒါန်းသည့်ခုနှစ်အား အတိအကျ ရေးထိုးထားပါသည်။ ကျောင်းကြီးတွင် ၁၈၉၅ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့၌ မောက်မယ်စော်ဘွားမျိုးဆက် ၇ ယောက်မြောက်ဖြစ်သော စော်ဘွားစဝ်ဖခွန်မုန့်နှင့် နှမတော်တို့က လှူဒါန်းခဲ့သော ပိဋကတ်သုံးပုံကို ရေးထိုးထားသည့် ရှေးဟောင်းပေစာ၊ ပုရပိုက်စာပေါင်း ၆၁ ခုကို တွေ့ရှိရသည်။ ဘုရားခန်းမျက်နှာကျက်တွင် ရွှေရည်အစစ်သုတ်လိမ်းထားသည့် နတ်မင်းကြီးလေးပါးပုံ၊ နဂါး၊ ဂဠုန်စသော ပန်းပုရုပ်တုပုံများကိုလည်း တွေ့မြင်နိုင်သည်။ ကျောင်းတော်ကြီးရှိ အခန်းများကိုလည်း ဘုရားဆင်းတုစံတော်မူအခန်း၊ ပိဋကတ်စာတိုက် သိမ်းဆည်းရာအခန်း၊ ထေရ်ကြီးဝါကြီး ရဟန်းတော်များ စံတော်မူနေရာအခန်း၊ ဝါငယ်ရဟန်းတော်များ စံတော်မူနေရာအခန်း၊ စဝ်ဖလုံ စော်ဘွားကြီး အစရှိသည့် တော်ဝင် မိသားစုဝင်များ နေထိုင်ရာအခန်း၊ မှူးမတ်ဝန်ကြီးများ နေထိုင်ရာအခန်း၊ စစ်သူကြီးရဲမက်ဗိုလ်ပါများ နေထိုင်ရာအခန်း၊တိုင်းသူပြည်သားများ နေထိုင်ရာအခန်း စသည်ဖြင့် စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားသည်ကို တွေ့မြင်ရပါသည်။