မောက်မယ်မြို့နယ်၌ ဒေသခံပြည်သူများ အေးချမ်းစွာဆန္ဒမဲပေး

Listing Description

မောက်မယ် နိုဝင်ဘာ ၉

ရှမ်းပြည်နယ်( တောင်ပိုင်း ) လင်းခေးခရိုင် မောက်မယ် မြို့နယ်၌ ယမန်နေ့က ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေ​ထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်နှစ်ခုမှ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ဒေသခံပြည်သူများသည် မဲရုံစဖွင့်သည့် နံနက် ၆ နာရီမှစတင်၍ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျလက်ဆေးပြီး နှာခေါင်းစည်းဝတ်ဆင်ကာ ဘေးကင်းလုံခြုံစွာဖြင့် အေးချမ်းစွာ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

မောက်မယ်မြို့နယ်အတွင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် လွှတ်တော် သုံးရပ်အပြင် တိုင်းရင်းသားလူမျိုးများ မဲဆန္ဒနယ်အတွက် ဗမာတိုင်းရင်းသား ၁၁၂၃ ဦး၊ အင်းသားတိုင်းရင်းသား ၄၁ ဦး၊ ကချင်တိုင်းရင်းသား ကိုးဦး၊ လားဟူတိုင်းရင်းသား နှစ်ဦး၊ လီဆူတိုင်းရင်းသား လေးဦး၊ ကယန်း/ပဒေါင် တိုင်းရင်းသား ၁၃၈ ဦး၊ အာခါတိုင်းရင်းသား တစ်ဦးရှိကြောင်းနှင့် မောက်မယ် မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၂၁၉၀ ဦးရှိပြီး မဲဆန္ဒနယ် အမှတ်(၁)တွင် မဲရုံ ၁၉ ရုံ ၊ မဲဆန္ဒနယ်အမှတ်(၂)တွင် မဲရုံ ၁၃ ရုံ စုစုပေါင်းမဲရုံ ၃၂ ရုံ ဆောင်ရွက်ထားရှိကြောင်း သိရ သည်။

စိုင်းမျိုးသန့်(ပြန်/ဆက်)