လောကနတ်အဆောက်အအုံ

Listing Description

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းအောက်ဘလောက်၊ အမှတ် (၆၂) တွင် တည်ရှိသည်။ လောကနတ်အဆောက်အအုံ ရှေးအခေါ် “ဆိုဖဲ” အဆောက်အအုံ (Sofare’s Building) ကို ၁၉၀၆ ခုနှစ် ဝန်းကျင်တွင် ဆောက်လုပ်ခဲ့သည်။ အီတာလျံပုံစံ အဆောက်အအုံဒီဇိုင်းကို ဘဂ္ဂဒတ်မြို့မှလာသည့် ကုန်သည် Isaac A Sofare က ရေးဆွဲခဲ့ပြီး နာမည်ကျော် ဗိသုကာပညာရှင် Thomas Swaies က တာဝန်ယူဆောက်လုပ်ခဲ့သည်။ Sofare မိသားစုမှ  နေအိမ်အဆောက်အအုံနှင့် ရုံးခန်းအဖြစ် အသုံးပြုခဲ့ပြီး ၁၉၃၀ ပြည့်နှစ်တွင် အိန္ဒိယကုန်သည်မိသားစု Surti က ဝယ်ယူခဲ့ကာ “Randeria Building” ဟူ၍ ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် အစိုးရက ပြည်သူပိုင်သိမ်းလိုက်ပြီးနောက် လူနေအိမ်ခန်းများ၊ အစိုးရရုံးခန်းများနှင့် အခြားရုံးခန်းများအဖြစ် အသုံးပြုခဲ့သည်။ ၁၉၇၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဦးဘသန်း(ဓမ္မိက)နှင့်  ဦးရဲထွန်းတို့က ယင်းအဆောက်အအုံ၏ ပထမထပ်တွင် လောကနတ်ပန်းချီပြခန်းကို တရားဝင် ဖွင့်လှစ်ခဲ့ပြီးနောက် ထိုအချိန်မှစတင်ကာ လောကနတ်အဆောက်အအုံအဖြစ် အမည်တွင်စေခဲ့ခြင်းဖြစ်သည်။ ယခုအခါ လောကနတ်အဆောက်အအုံသည် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT)မှ ရန်ကုန်မြို့ပြအမွေအနှစ်အဆောက်အအုံအဖြစ် အသိအမှတ်ပြု အပြာရောင်ကဗ္ပည်းပြား တပ်ဆင်ထားသည်။