ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ခန်းမဆောင် အဆောက်အအုံသစ်ဖွင့်

Listing Description

ဒီးမော့ဆို ဇန်နဝါရီ ၁၅

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ခန်းမဆောင် အဆောက်အအုံသစ်ကို ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်သည့် (၆၉) နှစ်မြောက် ကယားပြည်နယ်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၁၁ နာရီက ဖွင့်လှစ် ကြောင်း သိရသည်။

ရှေးဦးစွာ ဒီးမော့ဆိုမြို့နယ် ခန်းမ ဆောင် အဆောက်အအုံသစ်ကို ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကို၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေး၊ စည်ပင်သာယာ ရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပေါလ်ဆိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘော်ရယ်စိုးဝေ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစောစိန် ထွန်းနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်း ကျောက်စာတိုင် အား အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးသည်။

ဆက်လက်၍ မြို့နယ်ခန်းမ ဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပ ရာ ပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုက ယနေ့သည် ကယား ပြည်နယ်၏ နေ့ထူးနေ့မြတ်ဖြစ်သော (၆၉) နှစ်မြောက် ကယားပြည်နယ်နေ့ ဖြစ်ကြောင်း၊ နေ့ထူးနေ့မြတ်ကာလ တွင် ဒီးမော့ဆိုမြို့နယ်၏ ကျက်သရေ ဆောင် မြို့နယ်ခန်းမဆောင်သစ်ကြီး အား ဖွင့်လှစ်ရသည့်အတွက် များစွာ ဂုဏ်ယူပါကြောင်း၊ မြို့နယ်ခန်းမ ဆောင်သစ်ကြီးသည် အလျား ပေ ၁၇၀၊ အနံ ၁၀၉ ပေ၊ အမြင့် ပေ ၃၀ ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေကျပ် ၇၇ ဒသမ ၃၄၈ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံ ငွေကျပ် ၂၁၈ ဒသမ ၄၉ သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၃၄၅ ဒသမ ၄၉၉ သန်း စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၃၃၄ ဒသမ ၃၃၉ သန်းဖြင့် ဘဏ္ဍာနှစ် သုံးနှစ်ခွဲ၍ တည်ဆောက်ခဲ့ကြောင်း၊ ယခုလို ခန်းမဆောင်သစ်ကြီးအား ဖွင့်လှစ်နိုင် ခြင်းသည် ဒီးမော့ဆိုမြို့နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ဒေသခံပြည်သူများ ဝမ်းမြောက် ဂုဏ်ယူကြမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် ခန်းမဆောင်သစ်အား တာဝန်ယူ တည်ဆောက်ခဲ့သည့် နန်းအေးရိပ်ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်နန်းစန်းစန်းအေးက ဒီးမော့ဆိုမြို့နယ် ခန်းမဆောင်သစ် ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အဆောက်အအုံ ဆိုင်ရာ အချက်အလက်များကို စည်ပင်သာယာရေး အဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ရာ ဒီးမော့ဆို မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုး က လက်ခံရယူသည်။

ရီရယ်

(ဒီးမော့ဆို)