ကျောက်ပန်းဒူကမ်းခြေ

Listing Description

ကျောက်ပန်းဒူကမ်းခြေသည် ရခိုင်ပြည်နယ်မြောက်ပိုင်း မေယုဒေသ မောင်တောမြို့၏အရှေ့တောင်ဘက် ၃၂ မိုင်ခန့်အကွာ၊ ဘူးသီးတောင်မြို့၏ အနောက်တောင်ဘက် ၃၆ မိုင်ခန့်အကွာတွင် တည်ရှိသည့် အထင်ကရ ကမ်းခြေတစ်ခုဖြစ်သည်။ ထိုကမ်းခြေရှိ ကျောက်ဆောင်ပုံစံသည် တစ်ချိန်က အဘိုးအဘွားများ ဆေးရွက်ကြီးထည့်၍ သောက်သည့် ပန်းဒူ (ဆေးတံ) ပုံစံမျိုး တည်ရှိနေ၍ ကျောက်ပန်းဒူကမ်းခြေဟု ခေါ်တွင်ရခြင်းဖြစ်သည်။ ဒဏ္ဍာရီလာ ရာမ၊ လက္ခဏရာဇဝင်များနှင့်အတူရှိခဲ့သော ကမ်းခြေလည်းဖြစ်သည်။ ကမ်းခြေ၏ သဘာဝအလှတရား သဘာဝ ကျောက်ဆောင်များစွာတို့က ထိုကမ်းခြေကို ဆွဲဆောင်ထားပြီး ဒီရေတက်လာလျှင် ကျောက်ဆောင်အား ရေပတ်လည်ဝိုင်းရံထား၍ ရေဆော့ကစားရန် အလွန်ပင် ကောင်းသည်။ ရေ၏စိမ်းကြည်မှုကြောင့် ကျောက်သားပြင်၊ ကျောက်ဆောင်ငယ်လေးများဖြင့် ကမ်းခြေအလှ ရှုမဝဖြစ် ကြရသည်။ ကမ်းခြေ၏ အနီးနားတစ်ဝိုက်တွင် ဗုဒ္ဓဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များစွာ နေထိုင်ကြပြီး ဘာသာရေးယုံကြည်မှုအရ ဟိန္ဒူဘာသာဝင်များ မီးမျှောပွဲ ကျင်းပလေ့ရှိသော ကမ်းခြေလည်းဖြစ်သည်။