ကျောက်မဲမြို့ ရွေး/ကော် ဥက္ကဋ္ဌ အိမ်သေနတ်နဲ့ ပစ်ခံရ

Listing Description

ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌရဲ့နေအိမ်ကို သေနတ် နဲ့ပစ်ခတ်ခံရမှုအတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၇ နဲ့ အမှုဖွင့်ထားတယ်လို့ ကျောက်မဲမြို့မ ရဲစခန်းမှူး၊ဒုရဲမှူး ရဲမြင့်အောင်က ဘီဘီစီကိုပြောပါတယ်။ ပုဒ်မ (၃၀၇)ဟာ လူသတ်မှု ကျူးလွန်ရန်အားထုတ်မှုဖြစ်ပါတယ်။

လက်ရှိမှာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ မိသားစုဝင်တွေကို အန္တရာယ်မရှိအောင် လုံခြုံရေးပေးထားတယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်မှာ နိုဝင်ဘာ(၁၅)ရက်မနက်(၁) နာရီ လောက်က ဥက္ကဋ္ဌနဲ့ မိသားစုတွေဟာ နေအိမ် ဘက်ကို သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အသံနှစ်ခါကြားရပြီးမနက်လင်းချိန်မှ ရဲစခန်းကိုအကြောင်း ကြားခဲ့တာလို့ဆိုပါတယ်။

ရဲဘက်က သွားရောက်စစ်းဆေးချိန်မှာပြတင်းပေါက် မှာ ကာထားတဲ့မှန်ချပ်တွေကွဲနေတာတွေ့ရသလို ကျည်ဆံထိပ်ဖူးလို့ယူဆရတဲ့ အရာလည်း တွေ့ရတယ်လို့ ပြောပါတယ်။ကျောက်မဲမြို့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးထွန်းဟာ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ရဲ့ အကိုတော်စပ်သူဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်း

ဓါတ်ပုံ- ကျောက်မဲ(ပြန်ဆက်)