ကိုးသိန်းကိုးသောင်းဘုရား

Listing Description

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် တည်ရှိပါသည်။ ဘုရားသမိုင်းအရ သာသနာနှစ် ၇၃၄ ခုနှစ်၊ ဒေါဒေါရသ သက္ကရာဇ် ၁၁၂ တွင် ပဲကူးတိန်မယ်ပြည်၏ ၆၃ ပါးမြောက်ပျူမင်း လက်ပန်းချေသည် ရွှေသာလောင်းဘုရား၏ အနောက်ဘက်ကပ်လျက်တောင်ကုန်းပေါ်တွင် သိမ်တစ်ခုနှင့် ဘိက္ခူနီကျောင်းကို ဆောက်လုပ်စေပြီး ဘိက္ခူနီဆရာမကြီးကိုဝ်သောင်းအား လှူဒါန်းခဲ့ကာ ထိုဆရာမကြီးကိုဝ်သောင်းကိုအစွဲပြု၍ ကိုးသောင်းကျောင်းဟု ခေါ်ဆိုခဲ့ကြသည်။ ဒေါဒေါရသ သက္ကရာဇ် ၂၆၃ ခုနှစ်တွင် ၆၈ ပါးမြောက်ပျူမင်း ပျင်မာထီက ကိုးသောင်းစေတီကို တည်ထားကိုးကွယ်ခဲ့သည်။ ထို့နောက် ဒေါဒေါရသသက္ကရာဇ် ၅၁၈ ခုနှစ်တွင် ၈၁ ပါးမြောက်ပျူမင်း သေဉ်ဖာကူကလည်းကောင်း၊ ကောဇောသက္ကရာဇ် ၁၇၅ ခုနှစ်တွင်  ၉၁ ပါးမြောက် တိန်မယ်မင်း အခါယိမ်ကလည်းကောင်း၊ ကောဇောသက္ကရာဇ် ၄၂၁ ခုနှစ်တွင် အနော်ရထာမင်းကလည်းကောင်း စေတီတော်အား ပြုပြင်မွမ်းမံခဲ့ကြသည်။ ပထမဟံသာဝတီမင်းဆက် ဗညားဦးလက်ထက်၌ ကိုးသောင်းဘုရားတွင် ဘိက္ခူနီအစား သီလရှင်များကိုသာသနာပြု စောင့်ရှောက်စေခဲ့ပြီး နောက်ပိုင်း ရှင်စောပုဘုရင်မနှင့် သားမက်ဓမ္မစေတီမင်းအထိ သာသနာပြု ခဲ့ကြသည်။ ဗညားဦးမင်းမှစ၍ ခေတ်အဆက်ဆက် မင်း၊ မိဖုရား၊ သားတော်သမီးတော်များ၊ မင်းအမတ်များ၊ သူဌေးသူကြွယ်များက ကိုးသောင်းဘုရားတွင် စေတီငယ်တစ်ဆူစီကို တမူထူးခြားစွာ တိရစ္ဆာန်ရုပ်များအပေါ်မှ တည်ထားခဲ့ရာ ယခုအခါ စေတီရံများ  များစွာတည်ရှိနေပါသည်။ ဓမ္မစေတီမင်းလက်ထက်တွင် ပညာစုံတတ်ကျွမ်းသောအမတ် ၈ ယောက်နှင့် လူပညာရှင် ၅၀ ကို ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူရာ အိန္ဒိယပြည်သို့ စေလွှတ်၍ သတ္တဌာနတို့ကို အတိအကျ တိုင်းထွာတွက်ချက် ပုံတူကူးယူစေကာ ကိုးသောင်းဘုရားရှိရာအရပ်တွင် ဓမ္မစက္ကဘုရားနှင့်အတူ သတ္တဌာနတို့ကိုလည်း ပုံတူတည်စေခဲ့သည်။ ဘုရင့်နောင်မင်းလက်ထက်တွင် စေတီတော်သည် ရှမ်းသူပုန်တို့ ဖျက်ဆီးခြင်းခံခဲ့ရသဖြင့် ပြန်လည်ပြုပြင်မွမ်းမံပြီး ကောဇောသက္ကရာဇ် ၉၂၇ ခုနှစ်နတ်တော်လပြည့်နေ့တွင် ရေစက်ချပွဲပြုလုပ်၍ ကိုးသောင်းဘုရားကို ဘွဲ့အမည်သစ် "ကိုးသိန်းကိုးသောင်းဘုရား" ဟုခေါ်တွင်ခဲ့သည်။ သို့သော် ခေတ်ကာလကြာသောအခါ “ကိုးသိန်းကိုးသောင်းမှ” “ကိုးသိန်းကိုးသန်းဘုရား” ဟုအများကခေါ်ဆိုနေကြပါသည်။