ကိုခေး

Listing Description

ညောင်လေးပင်မြို့ အနောက်ဘက်၊ ၇ မိုင်ခန့် ဝေးသည့် ဇီးကန်ရွာ၌ အဘ ဦးဘိုးကျော့၊ အမိဒေါ်သိန်းမြတို့မှ မွေးဖွားသည်။ အမည်ရင်း ဦးအောင်မြင်ဖြစ်သည်။ ငယ်စဉ်က ညောင်လေးပင် အ.လ.က၊ အမှတ်(၁) အ.ထ.က တို့တွင် ပညာသင်ကြားခဲ့သည်။၁၉၇၇ တွင် သိပ္ပံဘွဲ့(ဓာတုဗေဒ) ၊ ၁၉၈၁ တွင် ဓာတ်ခွဲခန်း ဒီပလိုမာ ရရှိသည်။

မော်လမြိုင်ကောလိပ် မဂ္ဂဇင်းတွင် ‘ခေး’၊ 'အောင်ခက်တင်'၊ 'လူအောင်အောင်' ကလောင်အမည်များဖြင့် စတင် ရေးသားခဲ့သည်။ ၁၉၈၄ ခုနှစ်၊ ဧပြီလ 'ပေဖူးလွှာ' မဂ္ဂဇင်းတွင် 'ရေခဲ သစ်သီး’ ဝတ္ထုတိုကို ‘ကိုခေး အမည်ဖြင့် ရေးသား၍ စာပေလောကထဲ ရောက်ရှိခဲ့သည်။ ၁၉၈၄ ခုနှစ်၊ ဒီဇင်ဘာလ 'ပေဖူးလွှာ' မဂ္ဂဇင်းပါ 'ကျောင်း အဆင်းမှာ’ဝတ္ထုတိုမှာ ထင်ရှားသည်။ ဝေဖန်ရေးဆရာ 'ဦးအောင်သင်း'မှ အကြိုက်ဆုံး ဝတ္ထုတိုအဖြစ် ရွေးချယ်ခံရသည်။ မန္တလေးသူနာပြုတက္ကသိုလ် မြန်မာစာတွင်လည်း ရွေးချယ်ပြဋ္ဌာန်းထားသည်။

'ပုစ္ဆာ' ၊‘ထဘီ တိုတို ရေစိုစို’၊ ‘အတောင်မဲ့ လိပ်ပြာ’၊ ‘တစ်သက်လျာ လွမ်းစာ ပါးပြီထင့်’ နှင့် ‘တုံ့နှောင် တင်းရစ်’ ဝတ္ထုတို များမှာ ထင်ရှားကြောင်း '၂၀ ရာစု မြန်မာဝတ္ထုတို ၁၀၀' စာအုပ်တွင် ဖော်ပြထားသည်။

'ထဘီတိုတို ရေစိုစို' ကို ဂျပန်ဘာသာသို့ ပြန်ဆိုခဲ့သည်။

'တစ်သက်လျာ လွမ်းစာပါးပြီထင့်' ကို ဆရာကြီး ဦးသုခမှ ကျော်ကြားသော 'အဖေနဲ့သား' ရုပ်မြင်ဇာတ်လမ်းအဖြစ် ရိုက်ကူးခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ကိုခေး ဝတ္ထုတိုများ(၁) ဝတ္ထုတိုပေါင်း ၂၅ ခုဖြင့် စိတ်ကူးချိုချိုအနုပညာမှ စာအုပ်ထုတ်ဝေထားသည်။