ခရီးသွားလုပ်ငန်းဖြင့် တိုးတက်လာမည့် လိုင်လင်းပီမြို့

Listing Description

မင်းလပြည့်(ဟားခါး)

‘လိုင်လင်းပီ’ ဟူသော အမည်က ထူးဆန်းသည်။ ချင်းပြည်နယ်တွင် နေထိုင်သူများမှလွဲ၍ ကြားဖူးရန် ခက်ခဲနိုင်ပါသည်။ လိုင်လင်းပီ ဆိုသည်မှာ လိုင်လင်းလူမျိုးများ  အများဆုံးနေထိုင်သော အမှတ်အသားကို အစွဲပြု၍ ခေါ်ဆိုခြင်းဖြစ်သည်။ လိုင်လင်းပီမြို့ဖြစ်ပေါ်လာပုံမှာ စိတ်ဝင်စားဖွယ်ကောင်းသည်။

၁၈၄၅ ခုနှစ် မတိုင်မီက ဖလမ်းမြို့နယ် (Sun Thla) ရွာအနီး လိုင်လွန်းနေရာ၌ နေထိုင်စဉ် ဝမ်းရောဂါကျရောက်၍ လူအမြောက်အမြား သေဆုံးခဲ့သည်။ ထိုရောဂါကြောင့်  ရေကြည်ရာမြက်နုရာ  ရှာဖွေရွှေ့ပြောင်းရာမှ  ဟားခါးမြို့နယ်၊  ထန်တလန် မြို့နယ်များတွင် နှစ်ပေါင်းများစွာ ရွာတည် နေထိုင်လာခဲ့သည်။ ထို့နောက် လက်ရှိနေရာသို့ ရောက်ရှိလာကာ လိုင်လင်းပီအမည်ဖြင့် ရွာတည် နေထိုင်ခဲ့ရာ ယခုအခါ နှစ်ပေါင်း ၃၀၀ ကျော်ပြီဖြစ်ကြောင်း သိရသည်။

လိုင်လင်းပီမြို့မှ ၁၂ မိုင်အကွာတွင် ၉ မိုင်ကျေးရွာရှိပြီး ၉ မိုင်ကျေးရွာမှ ၉ မိုင်အကွာတွင် ဆဘောင်းပီကျေးရွာရှိသည်။ ဆဘောင်းပီကျေးရွာမှ ၉ မိုင် အကွာတွင် ဆဘောင်းတဲယ် ကျေးရွာရှိပြီး ဆဘောင်းတဲယ် ကျေးရွာမှ ၁၁ မိုင် အကွာတွင် ကျပီကျေးရွာ(အိန္ဒိယနိုင်ငံ)နှင့် ၁၀ မိုင်အကွာတွင် လှုံမန်းကျေးရွာ တို့ရှိသည်။ လှုံမန်းကျေးရွာမှ  ၁၂ မိုင်အကွာတွင်  ရွာနှိုင်းကျေးရွာ(အိန္ဒိယ) ရှိသည်။

လိုင်လင်းပီမြို့သည် မရာမျိုးနွယ်စုတစ်ခုဖြစ်သော လိုင်လင်းမျိုးနွယ်စုကို  နာမည်အစွဲပြု၍ လိုင်လင်းပီဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ မရာဘာသာစကား သည်  တိဗက်-မြန်မာအနွယ် Proto-Kuki-Chin အုပ်စုတွင် ပါဝင်သော ဘာသာစကားတစ်ခုဖြစ်သည်။

စတင်အခြေချနေထိုင်

မရာလူမျိုးနွယ်စုသည် ချင်းတွင်းမြစ်ဝှမ်းမှ အထက်ရပ်ကလေးမြစ်ဝှမ်း သို့ ရွှေ့ပြောင်းပြီး အေဒီ ၁၃၀၀ - ၁၃၅၀ ခန့်တွင် ကလေးမြစ်ဝှမ်းကို စွန့်ခွာကာ ယခင်လူရှေတောင်တန်း၊  စစ်တကောင်းတောင်တန်း၊  မြောက်ပိုင်း အာရ် တောင်တန်း၊ ချင်းတောင်တန်း၊ ယခုအိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တောင်ပိုင်း၊  ချင်းပြည်နယ်အနောက်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ကျော် အေဒီ ၁၅၀၀ - ၁၆၀၀ ခန့်မှစ၍ စတင်အခြေချနေထိုင်  လာခဲ့သည်။

ပါမောက္ခ လူးစ်က ချင်းလူမျိုးများသည် တရုတ်ပြည်အနောက်ဘက်နှင့်  တိဗက်ဒေသ အရှေ့ဘက်အရပ်မှ တောင်ဘက် ဟူးကောင်းမြစ်ဝှမ်းကို ဖြတ်ကျော် ၍ မြန်မာပြည်တွင်းသို့ ဝင်ရောက်လာသည်ဟု ဆိုသည်။

မရာလူမျိုးစုများသည် ထောရ်လူမျိုးစုနှင့် အေဒီ ၉၀၀ ခန့်တွင် မူးမြစ်ဝှမ်း ၌ အတူတကွ နေထိုင်ခဲ့ပေသည်။ ထောရ်လူမျိုးစုနှင့် မရာလူမျိုးစုများတွင် တူညီသော ဒဏ္ဍာရီပုံပြင်တစ်ခုမှာ ရှေးသရောအခါက ဘုရင့်သမီးတော်က နေမင်းကြီးဆွတ်ခူးပေးရန် မိန့်မှာသောကြောင့် စပါးထောင်းဆုံ တစ်ခုအပေါ် တစ်ခုဆင့်၍ နေမင်းကြီးဆွတ်ခူးရန်ကြံကြသည်။ မထင်မှတ်ဘဲ စပါးထောင်းဆုံ ပြိုကျကာ အားလုံးအသက်ဆုံးရှုံးခဲ့ရသည်ဟူသော ပုံပြင်သည် မရာနှင့် ထောရ် လူမျိုးစုတွင် ထပ်တူဖြစ်သည်ကို တွေ့ရှိရသည်။

ဤသည်ကိုထောက်လျှင် မရာလူမျိုးစုနှင့် ထောရ်လူမျိုးစုတို့သည် မူးမြစ်ဝှမ်းနှင့် မရောက်တောင်တို့တွင် အတူတကွ နေထိုင်ခဲ့ဟန်ရှိသည်။ လက်ရှိ ထန်တလန်မြို့နယ်ရှိ မရာလူမျိုးများ နေထိုင်ခဲ့သည်ဟုဆိုသော မရောက်တောင် သည် ယင်းမတိုင်ခင်နေထိုင်ခဲ့သော မရောက်တောင်ကို အစွဲပြု၍ ခေါ်တွင်လာ ခဲ့သည်ဟု ယူဆနိုင်သည်။ အကြောင်းမှာ မရာမျိုးနွယ်စုသည် ရှေးဘိုးဘေးတို့ ၏ အမည်များ၊ နေရပ်ဒေသများကို အစွဲပြု၍ အမည်နာမများခေါ်တွင်သော အစဉ်အလာမှာ ယနေ့တိုင်ဖြစ်သည်။ ရုမြစ်နှင့် မြစ်သာမြစ်ဆုံရာ အောက်အရပ်ရှိ မရောက်တောင်ကို အစွဲပြု၍ ချင်းတောင်တန်းရှိ မရာလူမျိုးများနေထိုင်ရာ အရပ်ကို မရောက်တောင်ဟု ခေါ်ဆိုခြင်းဖြစ်နိုင်သည်ဟု သိရသည်။

မရာစာပေအား Capt. S.R. Tickell က ရောမအက္ခရာကို အခြေခံ၍ ၁၈၅၂ ခုနှစ်တွင် ပထမဦးဆုံး စတင်တီထွင်ခဲ့ပြီး Capt. Lewin က ၁၈၆၉ ခုနှစ်တွင် ထပ်မံမွမ်းမံပြင်ဆင်ခဲ့သည်ဟု မှတ်တမ်းတင်ထားသည်။ သို့ရာတွင် Capt.S.R. Tickell တီထွင်သော မရာစာပေကို မတွေ့ရှိရသေးပေ။ အင်္ဂလိပ်ခရစ်ယာန် သာသနာပြုဆရာကြီး F.W.Sadvige က စာမျက်နှာ (၂၃၀) ပါ မရာဘာသာ စကားသဒ္ဒါနှင့် အဘိဓာန် (Grammar and Dictionary of the Lakher Language) ကို ပြုစုပြီး ၁၉၀၈ ခုနှစ်တွင် Pioneer Press, Allahabad, India စာပေတိုက်မှ ထုတ်ဝေခဲ့သည်။

ယခုအခါ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် မရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အစိုးရစာသင်ကျောင်းများတွင် မူကြိုမှ အလယ်တန်းအဆင့်အထိ မရာဘာသာ စကားဖြင့် သင်ကြားပို့ချလျက်ရှိသည်။

၁၉၇၄ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအုပ်ချုပ်ရေး ယန္တရားတွင် မရာလူမျိုးများ ပျံ့နှံ့နေထိုင်ရာဒေသအား ပလက်ဝမြို့နယ်၊ မတူပီ မြို့နယ်၊ ထန်တလန်မြို့နယ် အုပ်ချုပ်ရေးများတွင် ခွဲခြမ်းကာ ကျေးရွာကောင်စီ များဖြင့် ဖွဲ့စည်းအုပ်ချုပ်သည်။

ပေါ်ပေါက်လာခဲ့

တစ်နည်းအားဖြင့် လိုင်လင်းသည်  မရာမျိုးနွယ်စုတစ်ခု၏  အမည်ဖြစ်၍ ပီ ဆိုသည်မှာ အကြီးဆုံးကို ဆိုလိုခြင်းဖြစ်ပေသည်။ လိုင်လင်းရွာမှ ရွာငယ်လေး များ ရှစ်ရွာ ခွဲထွက်လာသော ယနေ့လိုင်လင်းပီသည် အကြီးဆုံးရွာ ဖြစ်လာသဖြင့် ‘လိုင်လင်းပီ’ရွာဟု ပေါ်ပေါက်လာခဲ့သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ  ၁၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှ လိုင်လင်းပီမြို့ဟု ဖွဲ့စည်း အတည်ပြုခဲ့သည့်အတိုင်း ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် (၄၀၀/၂၀၁၆)အရ လိုင်လင်းပီကျေးရွာအုပ်စုအား လိုင်လင်းပီမြို့ဟု ချင်းပြည်နယ် ဝန်ကြီးချုပ်က ၂၀၁၆ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အတည်ပြုသတ်မှတ်ခဲ့လေ သည်။

လိုင်လင်းပီမြို့ကား  အရှေ့ဘက်တွင်  မတူပီ၊ တောင်ဘက် ပလက်ဝ မြို့နယ်နှင့် ထိစပ်လျက်ရှိသည်။ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ မြောက်ဘက် တွင် ရေဇွာမြို့၊ ထန်တလန်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။

လိုင်လင်းပီမြို့ကား ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၄၄၂၀ တွင်ရှိပြီး နွေးသမပိုင်း ရာသီဥတုရှိသည်။ အမြင့်ဆုံးအပူချိန်မှာ ၃၀°C နှင့် အနိမ့်ဆုံး အပူချိန် ၃°C ဖြစ်သည်။ လိုင်လင်းပီမြို့ကား တောင်ကုန်း၊ တောင်တန်းပေါများပြီး  သစ်တောလွှမ်းသောဒေသဖြစ်သည်။ ထင်ရှားသော တောင်တန်းများမှာ လောက်ရှည်တောင်၊ ဂျူဘိလင်တောင်တို့ဖြစ်ပြီး တီးဆီးချောင်း၊  မာလာချောင်း၊ ဟိုဟားချောင်း၊  ဝါးဟားချောင်းတို့ရှိပြီး  မြောက်မှတောင်သို့ စီးဆင်းလျက် ရှိသည်။  ရပ်ကွက် နှစ်ရပ်ကွက်ရှိပြီး  လူဦးရေ ၂၆၁၀၊  အိမ်ခြေ ၄၂၆ လုံး၊ အိမ်ထောင်စု ၄၂၉ စုရှိသည်။

ဒေသခံပြည်သူအများစုမှာ လယ်ယာစိုက်ပျိုးရေးဖြင့် အသက်မွေးနေထိုင် ကြသည်။ ဝဥ စိုက်ပျိုး ရောင်းဝယ်ကြသည်။ ချင်းတိုင်းရင်းသားအများစု နေထိုင်ကြသည်။ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ဆက်သွယ်ရေး၊ လမ်းဦးစီး၊ ပြန်/ဆက်၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်ဌာနအပါအဝင် စုစုပေါင်း ၁၀ ဌာန ဖွဲ့စည်းဆောင်ရွက်လျက် ရှိသည်။ ၎င်းအပြင် ဒေသခံတို့က အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းဖြစ်သော စက်ချုပ်လုပ်ငန်းလုပ်ကိုင်မှု ၁၂ ခုရှိကြောင်း သိရသည်။

အဖြူရောင်နယ်မြေရှိသော

အထက (လိုင်လင်းပီ) အထက်တန်းကျောင်းရှိပြီး ကျောင်းသား ကျောင်းသူ ၄၅၆ ဦး သင်ကြားလျက်ရှိသည်။ ၂၀၀ ကီလိုဝပ်အဆင့် လျှပ်စစ်ဓာတ်အား ရရှိပြီး လိုအပ်သော လျှပ်စစ်ပမာဏ ၁၅၀၀ ကီလိုဝပ်ရရှိရေး ထပ်မံဆောင် ရွက်လျက်ရှိသည်။ မြို့တွင်းလမ်းမကြီးမှာ ၃ မိုင်ရှည်လျားသော တောင်ပေါ် မြို့တစ်မြို့လည်းဖြစ်သည်။ အေးချမ်းသာယာသော၊ အဖြူရောင်နယ်မြေရှိသော မြို့တစ်မြို့လည်းဖြစ်သည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ခါနန်ကုမ္ပဏီ၊ တိနတောင်တန်းကုမ္ပဏီတို့မှ  လမ်းလုပ်ငန်း၊  အဆောက်အအုံလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ မြို့လူဦးရေအတွက် တစ်နေ့လျှင် ဂါလန် လေးသောင်း ဖြင့် စမ်းရေဖြန့်ဝေပေးလျက်ရှိသည်။ ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ပေး ရန် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံတစ်ရုံရှိသည်။

အိန္ဒိယနယ်စပ်နှင့် နီးသည့်မြို့ငယ်တစ်ခုဖြစ်ပြီး သွားလာရေးလွယ်ကူ စေရန် ၂၀၁၉ ခုနှစ် မေလ ၄ ရက်နေ့မှစ၍ လိုင်လင်းပီလေယာဉ်ကွင်းငယ်အား တည်ဆောက်မွမ်းမံလျက်ရှိပါသည်။ လိုင်လင်းပီ လေယာဉ်ကွင်းငယ် ပြီးစီးပါက ကမ္ဘာလှည့်အပျော်ခရီးသည်များ ရောက်ရှိလာပြီး အလုပ်အကိုင် အခွင့်အလမ်းလည်း ရရှိလာမည်ဖြစ်ပါသည်။ မြို့ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းလျက်ရှိသော အာမေးနီးယန်းတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဆရာဝန်ဘွဲ့ ရရှိခဲ့သော ဆရာဝန် ဒေါက်တာ ဆာဆာ၏ ဇာတိမြို့လည်းဖြစ်ပါသည်။

လေကြောင်းလိုင်း ဖွင့်လှစ်ပြီးသည်နှင့်အမျှ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ ဒေသခံတို့အားထားသော “ဝဥ” စိုက်ပျိုးရောင်းဝယ် ခြင်း၊ အခြားသီးနှံများလည်း တွင်ကျယ်ကာ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ပါသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမှုမှာလည်း ၂၀၁၈-၂၀၁၉ ခုနှစ် က ၂၄ ဒသမ ၀၂ ရာခိုင်နှုန်းသာ ရှိသော်လည်း  ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ၆၅ ရာခိုင်နှုန်းထိ မြင့်မားလာပြီး ဒေသခံလူငယ်များမှာ  ပညာရေးတွင် စိတ်ပါ ဝင်စားမှုရှိသဖြင့်  အနာဂတ်တွင်  ပညာတတ်လူငယ်များ  ပေါများသောမြို့ ဖြစ်နိုင်ပါသည်။

နိုင်ငံတော်အစိုးရ၏ အားပေးကူညီမှု၊ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုဖြင့် ချင်းတောင်တန်းတွင် ဖွံ့ဖြိုးတိုးတက်လာဦးမည့် မြို့ငယ်တစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

မှီငြမ်း - လိုင်လင်းပီမြို့၊ ဒေသဆိုင်ရာအချက်အလက်များ

ဦးဇော်ထိုက်၊ လိုင်လင်းပီမြို့