ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားများအား ဆွဲဆောင်ပေးနိုင်သည့် အသည်းပုံ ရိဒ်ရေကန်ကြီး

Listing Description

ရန်ကုန် ဇန်နဝါရီ ၁၉

ချင်းပြည်နယ် ရိခေါဒါရ်မြို့မှ ရိဒ် ရေကန်ကြီးသည် ကမ္ဘာတစ်ဝန်းလုံး တွင် ရှိရှိသမျှ ရေကန်များအနက် အသည်းပုံ စစ်စစ်ရှိသည့် တစ်ခုတည်း သော ရေကန်ဖြစ်ပြီး ၂၉၆၆ ပေကျော် မြင့်သော ချင်းတောင်တန်းကြီးပေါ် တွင် တည်ရှိသည်။

တိတိကျကျဆိုရပါမူ အဆိုပါ ရေကန်ကြီးသည် မြန်မာ-အိန္ဒိယ နယ်စပ်မျဉ်းနှင့် နှစ်မိုင်သာဝေးပြီး မြန်မာနိုင်ငံ ကလေးမြို့မှတစ်ဆင့် ချင်းတောင်တန်းကြီး၏ အမြင့်ဆုံး နေရာဖြစ်သော ကနေဒီတောင် အမြင့်ပေ ၈၈၇၀ ကိုလည်းကောင်း၊ မဏိပူရမြစ်ကို ဖြတ်ကျော် ဆောက်လုပ်ထားသည့် မံဆောင်း ကြိုးတံတားကို လည်းကောင်း

ဖြတ်သန်းကာ တီးတိန်မြို့နှင့် ၃၂ မိုင် အကွာအဝေးတွင် ရှိသော ရိခေါဒါရ်မြို့လေးတွင် ရိဒ်ရေကန်ကြီးရှိသည်။ ရိဒ်ရေကန်သို့ အများဆုံးလာရောက်ကြသည်မှာ အိန္ဒိယ နိုင်ငံဘက်မှ ဖြစ်သည်။ ယခုအခါတွင် ရိဒ်ရေကန်ကြီး အတွင်း အပျော်စီးလှေများ စီးနင်းနိုင်အောင် သက်ဆိုင်ရာ က စီစဉ်ပေးထားခြင်း၊ ညအိပ်တည်းခိုနိုင်ရန် ဘန်ဂလိုများ စီစဉ်ပေးထားခြင်းတို့ကြောင့် ရိဒ်ရေကန်ကြီး၌ အပျော်စီး လှေ လာရောက်စီးနင်းသည့် တောင်ပေါ်သားများ၊ ပျားရည် ဆမ်းခရီးထွက်သူများပါ လာရောက်လည်ပတ်လေ့ရှိသည်။

ဒဏ္ဍာရီဆန်သော ဖြစ်တည်မှုသမိုင်း

ရိဒ်ရေကန်ကြီး၏ ဖြစ်တည်မှုသမိုင်းကား အလွန်ပင် ဒဏ္ဍာရီဆန်လှသည်။ ထိုသို့ ဒဏ္ဍာရီဆန်လွန်းလှသည့်တိုင် အဆိုပါ ဖြစ်တည်မှုသမိုင်းကို ချင်းလူမျိုးတို့က ယနေ့တိုင် အခိုင်အမာ ယုံကြည်နေကြဆဲဖြစ်သည်။ အဆိုပါဖြစ်တည်မှု ဒဏ္ဍာရီကြီး၏ အစကား လွန်ခဲ့သော နှစ်ပေါင်းငါးရာက​ျော်၊ ခြောက်ရာနီးပါးကာလ၊ မီဇိုချင်းလူမျိုးတို့၏ အခြေချ နေထိုင်ခဲ့သည့် အချိန်မှပင်ဖြစ်သည်။ ချင်းအနွယ်ဝင် မီဇိုလူမျိုးနှင့် ဟွာလ်ငိုး(Hualngo) နွယ်ဝင်တို့သည် ၁၄၅၀ ပြည့်နှစ်ခန့်မှစတင်၍ ချင်းတောင်တန်းပေါ်တွင် မြို့ပြ တည်ထောင်ကာ အခြေချနေထိုင်ခဲ့ကြသည်။ ဤသို့ နေထိုင်လာခဲ့ရာမှ တစ်နေ့သောအခါတွင်မူ ဒုတိယမြောက် ဆွေးပွီးမြို့သူကြီး ဟွာထန် (Huathana) သည် အိပ်မက် တစ်ခုကို မြင်မက်လေတော့သည်။

အိပ်မက်တွင် အလွန်တရာမှပင် ကျက်သရေရှိလှသော နတ်မင်းကြီးတစ်ပါးက ဟွာလ်ထန်အား ကိုယ်ရောင်ပြပြီး “ငါသည် ဝိညာဉ်စောင့်နတ်မင်းကြီး ပူးရိဒ် ဖြစ်ပေသည်။ သင်တို့၏ ဝိညာဉ်များအား စောင့်ရှောက်ရန်အလို့ငှာ ငါသည် နွားနောက်ဖြူအသွင်ဖန်ဆင်းပြီး ကောင်းကင် ခရီးဖြင့်လာခဲ့ရာ သင်တို့အရပ်၏ အနောက်မြောက်ဘက် ခရီးအတန်ငယ်ဝေးသောနေရာ၌ နေရာတစ်ခုကို တွေ့ရှိ ခဲ့ပေသည်။ ငါသည် ထိုနေရာ၌ စံစားနေထိုင်ရန် လူတို့၏ အသည်းပုံတိတိကျကျရှိသော ရေအိုင်ကြီးတစ်ခုအဖြစ် ဖန်ဆင်းလိုက်ပေသည်။ ထိုရေအိုင်ကြီးတွင် ယနေ့မှစ၍ ငါကိုယ်တော်စံစားမည် ဖြစ်သည်” ဟု ပြောဆိုမိန့်ကြားခဲ့ လေသည်။

ထိုအိပ်မက်အရ ဟွာလ်ထန်သည် သူ၏မှူးမတ်များ အားလွှတ်၍ ရေအိုင်ကြီးကိုရှာဖွေစေခဲ့ရာ ခုနစ်ရက်တိတိ ပြည့်မြောက်သောနေ့မှာပင် ထိုရေအိုင်ကြီးကိုတွေ့ရှိခဲ့ပြီး ယင်းသို့ တွေ့ရှိချိန်မှအစပြု၍ ထိုရေကန်ကြီးကို ရိဒ် ရေကန် (RIH DIL) ဟု ခေါ်ဆိုကြလေသည်။ ရိဒ်ဆိုသည် မှာ ရိဒ်နတ်မင်းကြီးအား ကိုယ်စားပြုပြီး (DIL) မှာ ရေကန် ဟု အဓိပ္ပာယ်ရလေသည်။ ဆိုလိုရင်းမှာ ရိဒ်နတ်မင်းစံစားရာ ရေအိုင်ကြီး သို့မဟုတ် အသည်းပုံကန်ကြီးဖြစ်သည်။

ပုံသဏ္ဌာန်နှင့် အနေအထား

ထိုမျှဒဏ္ဍာရီဆန်သော အတိတ်သမိုင်းများ၊ ဆန်းပြား သော ယုံကြည်ချက်များနှင့် ထူးခြားချက်များပြည့်နှက် နေသော ရိဒ်ရေကန်ကြီးမှာ ပတ်လည်အကျယ် ၂ ဒသမ ၅ မိုင်ရှိသော တောင်ပေါ်ရေကန်ကြီးတစ်ခု ဖြစ်သည်။ ထိုရေကန်ကြီးတစ်လျှောက်တွင်လည်း ဒေသခံတို့က ဝိညာဉ်ခြံစည်းရိုးပင်ဟု ခေါ်ဆိုကြသည့် မိုးမခပင်များ ခြံစည်းရိုးရှည်ကြီးသဖွယ် သဘာဝအလျောက် စီတန်း ပေါက်ရောက်နေပြန်ရာ အဆိုပါ မိုးမခပင်တန်းကြီးကို ချင်းလူမျိုးတို့က (၎င်းတို့၏ ယုံကြည်ချက်အရ ဝိညာဉ် ခြံစည်းရိုးဟု ကင်ပွန်းတပ်ထားကြလေသည်။) ကန်၏ ဧရိယာအကျယ်အဝန်းမှာ ၈၃၂ ဧက ရှိသည်။ ကန်အတွင်း ရေပြင်၏ ပျမ်းမျှအနက်မှာ ပေ ၅၀ ရှိပြီး အနက်ဆုံးနေရာ များတွင် ပေ ၆၀ အထိရှိသည်။ ရေအရောင်မှာ ပြာလဲ့လဲ့ရှိ၍ ကန်အတွင်းတွင် ကြာဖြူကြာနီနှင့် ဗေဒါများ ဖူးပွင့်နေလေ့ ရှိသည်။ အလားတူပင် ရေကန်ပတ်လည်ရှိ မိုးမခပင်များ ထက်တွင်လည်း သစ်ခွပင်များ ပေါက်လျက်ရှိရာ “ရိဒ်ရေကန်” ကြီးမှာ တောင်ပေါ်ဒေသမှ စာပန်းချီခြယ်သ မကုန်နိုင်သည့် ရှုခင်းကြီးတစ်ခုသဖွယ် ဖြစ်သည်။

ခရမ်းစိုးမြင့်၊ ဓာတ်ပုံ- ဟိန်းထက်ဇော်(မြန်မာ့အလင်း)