ချောင်းမမွေတော်စေတီတော်

Listing Description

ချောင်းမမွေတော်စေတီတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ရွာ၏ အနောက်မြောက်ဖက်၌ တည်ရှိပြီး ညောင်ကန်ရွာ တော်လေးဆူအပါအဝင်ဖြစ်ပါသည်။ မဇ္ဈိမဒေသ ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်း၏ အဆက်အနွယ်ဖြစ်သည့် နာဂဒါသမင်းကို နန်းချပြီး သုသုနာဂမင်းနန်းတတ်သဖြင့် နာဂဒါသမင်းနှင့် နှမတော် သီဝလိဒေဝီတို့သည် ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်မွေတော်တို့ကိုပင့်ဆောင်၍ မြန်မာနိုင်ငံတွင်းသို့ တိမ်းရှောင်နေထိုင်ခဲ့ကာ တိမ်းရင်းမြို့ (ညောင်ကန်ရွာ)ဒေသ၌ ဓာတ်တော်မွေတော်တို့ကို ဌာပနာ၍ စေတီတော်တည်ထားခဲ့ပါသည်။ ထို့ပြင် ဖလားလမ်းဘုရား၊ ဆင်ဝပ်ဘုရား၊ မြတံဆိတ်ဘုရား၊ မွေရှင်တော်ဘုရား စသည်စေတီတို့ကိုလည်း တည်ထားခဲ့ပါသည်။ ချောင်းမမွေတော်စေတီတော်သည် သံဖိုချောင်းဦးတိုက်၍ နှစ်မွှာကွဲနေသည့် ကုန်းတော်၏ အလယ်ဗဟို၌ တည်ထားသောကြောင့် "ချောင်းမွှာမွေတော်"ဟု ခေါ်ခဲ့သည်။ နောင်အခါ "ချောင်းမမွေတော်" ဟူ၍ ခေါ်ခဲ့ကြသည်။ နှစ်စဉ် ဝါဆိုလဆန်း ၁၂ ရက်နေ့တွင် ဘုရားဆွမ်းတော်ကြီးပွဲတော်ကို ကျင်းပမြဲဖြစ်ပါသည်။