ခရမ်းမြို့နယ် ပိန်းကန်ဓာတ်အားခွဲရုံနှင့် ဇွဲပလိုင်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားများ ကျင်းပ

Listing Description

ရန်ကုန်   နိုဝင်ဘာ   ၂၈

ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန် တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ပိန်းကန် ဓာတ်အားခွဲရုံနှင့် ဇွဲပလိုင်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား များကို ယမန်နေ့က အဆိုပါဓာတ်အားခွဲရုံများ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း  တက်ရောက်ဖွင့်လှစ်ပေးသည်။

ရှေးဦးစွာ ခရမ်းမြို့နယ် ၃၃/၁၁ ကေဗွီ ၊ (၅) အမ်ဗွီအေ  ပိန်းကန် ဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာမော်ကွန်းကို          ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်    ဦးဖြိုးမင်းသိန်း၊   ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမင်းတို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး ဓာတ်အား ခွဲရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ဇွဲပလိုင် ၃၃/၁၁ ကေဗွီ ၊ (၁၀) အမ်ဗွီအေ ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်    ဦးဖြိုးမင်းသိန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း      ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ရန်ပုံငွေအသုံးပြု၍ တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများတွင်   ဓာတ်အားခွဲရုံ ၁၃ ရုံ တည် ဆောက်ခဲ့ပြီး မြောက်ပိုင်းခရိုင်အတွင်း ၃၃/၁၁ ကေဗွီ ၊ (၅) အမ်ဗွီအေ ဓာတ်အားခွဲရုံ ခြောက်ရုံဖြစ်သည့် မှော်ဘီမြို့နယ် ရေကျော်နှင့် ဝါးနက်ချောင်း၊  ထန်းတပင်မြို့နယ် ကျူတော နှင့် တက်သစ်ကျွန်း၊ တိုက်ကြီးမြို့နယ် ဂျိုးဖြူနှင့် သိမ်ကုန်း ဓာတ်အားခွဲရုံများကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ တောင်ပိုင်းခရိုင်တွင် ခွဲရုံ ခုနစ်ရုံ တည်ဆောက်နိုင်ခဲ့ပြီး တွံတေးမြို့နယ် ခလုပ်၊ ကော့မှူးမြို့နယ် ညောင်ကုန်း၊ သုံးခွမြို့နယ် ဒေါင့်ကြီး၊ ယခု ခရမ်းမြို့နယ်  ပိန်းကန်နှင့်  ဇွဲပလိုင်ဓာတ်အားခွဲရုံတို့ကို ထပ်မံဖွင့်လှစ်ပေးခြင်းဖြင့်   ဓာတ်အားခွဲရုံ ၁၁ ရုံ  ဖွင့်လှစ်ပြီး ကျန်ရှိသော နှစ်ရုံကိုလည်း မကြာမီ ဖွင့်လှစ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊  ၂၀၂၀ ပြည့်နှစ်  ဒီဇင်ဘာလကုန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျေးလက်နေပြည်သူများ ရာခိုင်နှုန်းပြည့် လျှပ်စစ်ဓာတ်အား ရရှိမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေ ရေးနှင့် လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာရရှိရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမင်းက ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ဇွဲပလိုင်  ၃၃/၁၁ ကေဗွီ ၊ (၁၀) အမ်ဗွီအေ ဓာတ်အားခွဲရုံ၏ ကမ္ပည်းကျောက်စာမော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။

ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  လှည်းကူးမြို့နယ် ပြည်တော်သာရပ်ကွက်ရှိ ငြိမ်းချမ်းရေး  ပန်းခြံဖွင့်ပွဲအခမ်းအနားသို့  တက်ရောက် ဖွင့်လှစ်ပေးကြသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)