ဟုမ္မလင်းမြို့နယ် ထမံသီနှင့် ပင်းမာကျေးရွာဆက်သွယ်မည့် ချင်းတွင်းတံတား(ထမံသီ) စတင်တည်ဆောက်

Listing Description

စစ်ကိုင်း ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ် အထက်ပိုင်း ဟုမ္မလင်းမြို့နယ် ထမံသီနှင့် ပင်းမာကျေးရွာ ဆက်သွယ် မည့် ချင်းတွင်းတံတား (ထမံသီ)ကို ဇန်နဝါရီ ၁၉ ရက်က စတင်တည် ဆောက်နေပြီဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး အစိုးရစက်မှု၊ လျှပ်စစ် နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းထံမှ သိရသည်။

“ဇန်နဝါရီ ၁၉ရက်က ပန္နက်ရိုက်ပါ တယ်။ လတ်တလော ပင်းမဘက်က နေ လေရှီးကိုသွားမယ်ဆိုရင် ဇက်နဲ့ ကူးနေရတယ်လေ။ ထမံသီတံတားပြီး သွားရင်တော့ နာဂဒေသ လေရှီးနဲ့ အဆက်အသွယ် ပိုကောင်းသွား မယ်။

ထမံသီဟိုဘက် ၄၂ မိုင်သွားရင်လေရှီးရောက်တာဆိုတော့ အဲဒီလမ်းကို ကောင်းကောင်း အသုံးချလို့ရမယ်။ ချင်းတွင်းမြစ်ပေါ်က ဟုမ္မလင်းတံတား ခန္တီးတံတားနဲ့ အခုဆောက်နေတဲ့ ထမံ သီတံတားတွေဟာ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှုကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရက ဆောင်ရွက်ပေးတာပါ။

ရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးအမြတ် ရဖို့ဆိုတာထက် နာဂဒေသနဲ့ ပြည်မ ဆက်သွယ်ရေး ပိုကောင်းလာမယ်။ လူမှုအဆင့်အတန်း ပိုပြီးအဆင်ပြေ သွားမယ်။ လူမှုအကျိုး စီးပွားပိုထွန်း ကား တိုးတက်လာမယ်။ အဲဒါတွေ ရည်မျှော်ပြီး တိုင်းဒေသကြီးအစိုးရက ဆောင်ရွက်ပေးတာဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြော သည်။

ချင်းတွင်းတံတား(ထမံသီ)အရှည် ၈၀၂ မီတာ၊ အကျယ် ၉ ဒသမ ၄ မီတာ ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် နှစ်ဘီလီယံ ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားတည်ဆောက် ရေးအဖွဲ့ (၂) က တာဝန်ယူတည် ဆောက်နေခြင်း ဖြစ်သည်။

“လေရှီးဘက်လမ်းတွေ အနေနဲ့ ရန်နွေးအထိ ၁၃မိုင်က ကတ္တရာလမ်း ပြီးသွားပြီ။ ဒီဘတ်ဂျက်မှာလည်း ကတ္တရာလမ်းပြီးဖို့အတွက် ဆက် လက်လျာထား ဆောင်ရွက်နေတာရှိ ပါတယ်။ ထမံသီတံတားပြီးသွားရင် ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး လမ်းပန်း ဆက်သွယ်ရေးကွန်ရက်တွေ ပိုမို ချိတ်ဆက်မိလာမယ်” ဟု ဝန်ကြီး ဦးသန်းညွန့်ဝင်းက ဆက်လက်ပြော ပြသည်။

ချင်းတွင်းမြစ်ပေါ်တွင် ဆင်ဖြူရှင် တံတား (ချောင်းဦးမြို့နယ်)၊ ချင်းတွင်း တံတား(မုံရွာ)၊ ချင်းတွင်းတံတား (ကလေးဝ)၊ ချင်းတွင်းတံတား (ဟုမ္မလင်း)၊ ချင်းတွင်းတံတား(ခန္တီး)တို့ တည်ဆောက်ထားပြီး ဆဋ္ဌမ မြောက်တံတားအဖြစ် ချင်းတွင်း တံတား(ထမံသီ)ကို တည်ဆောက်နေ ခြင်းဖြစ်သည်။

မျိုးဝင်းထွန်း(မုံရွာ)