ဂီတလုလင်မောင်ကိုကို (၁၉၂၈ - ၂၀၀၇)

Listing Description

ဂီတလုလင်မောင်ကိုကို(ခေါ်)ဦးကိုကိုသည် ၁၉၂၈ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ဘိုကလေးမြို့၌အဖ ဦးဘသင်နှင့် အမိ ဒေါ်ဖွားသိန်းတို့မှ မွေးဖွားသည့် မွေးချင်း ခြောက်ယောက်အနက် စတုတ္ထမြောက်သားဖြစ်သည်။ ဒုတိယ သားဖြစ်သည့် ဗိုလ်ကလေးတင့်အောင်သည်လည်း မြန်မာ့ဂီတနှင့် စာပေလောကတွင် ထူးချွန်သော အနုပညာရှင်ကြီးတစ်ဦး ဖြစ်သည်။

၁၉၃၉ ခုနှစ်တွင် ဂီတပညာကို ရန်ကုန်မြို့၌ ဖွင့်လှစ်သော ပန်းချီနှင့် တူရိယာသင်တန်းကျောင်းတွင် စတင် သင်ကြားခဲ့သည်။ ၁၉၄ဝ ပြည့်နှစ် တွင် အသံလွှင့်ခြင်းနှင့် ကိုလံဘီယာ ဓာတ်ပြားသွင်းခြင်းများ ကို စတင်လုပ်ဆောင်ခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် အသံတိတ် ရုပ်ရှင်ဇာတ်ကားများတွင် တီးဝိုင်းခေါင်းဆောင်အဖြစ် လိုက်လံ တီးမှုတ်ပေးခဲ့သည်။ ၁၉၄၆ခုနှစ်တွင် ပြဇာတ်တီးဝိုင်း ခေါင်း ဆောင်အဖြစ်လည်းကောင်း၊ ၁၉၄၇ ခုနှစ်မှစ၍ အသံထွက် ရုပ်ရှင်ဇာတ်ကားများ၌ တီးဝိုင်းခေါင်းဆောင်အဖြစ်လည်း ကောင်း ရပ်တည် လှုပ်ရှားခဲ့၏။ ၁၉၇၀ တွင်ထွက်ရ​သော မှုံရွှေရည်ဇာတ်ကားတွင် ဂီတဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ကာ ဂီတလုပ်ကွက်များစွာဖြင့် ရုပ်ရှင်ကို ပံ့ပိုးခဲ့သည်။ သို့သော် ဂီတအတွက် အကယ်ဒမီဆု မပေးသောကာလဖြစ်သဖြင့် ဆုမရရှိခဲ့ပေ။

ရုပ်ရှင်တေးဂီတအဖွဲ့၏ ခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော် ဆင်ဖိုနီ တီးဝိုင်းဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးခဲ့သူ ဖြစ်၏။ ၁၉၄၆ ခုနှစ်တွင် မြေပဒေသာပြဇာတ်၊ ပြည်ထောင် စုနေ့ အထိမ်းအမှတ် ပြဇာတ်၊ အလုပ်သမားနေ့ ပြဇာတ်၊ တောင်သူလယ်သမားနေ့ပြဇာတ်နှင့် တပ်မတော်နေ့ ပြဇာတ် များအား ဂီတဒါရိုက်တာအဖြစ်လည်းကောင်း၊ တေးဂီတရေး စပ်ပေးခြင်းနှင့် တင်ဆက် ပြသခြင်းအဖြစ်လည်းကောင်း ဆောင်ရွက်ပေးခဲ့သည်။

၁၉၅ဝ ပြည့်နှစ်၌ ဝင်းဝင်းပြဇာတ်အဖွဲ့တွင် တေးဂီတ ဒါရိုက်တာအဖြစ် ဦးဆောင် ဆောင်ရွက်ခဲ့၏။ ဆရာဦးကိုကို သည် နိုင်ငံရပ်ခြား တိုင်းပြည်များ၌ ဂီတဆိုင်ရာ လှုပ်ရှားမှု အဖြစ် ၁၉၆ဝ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ကျင်းပသော တရုတ်-မြန်မာ နယ်နိမိတ် လက်မှတ်ရေးထိုးပွဲသို့ ရုပ်ရှင်ပြဇာတ် အနုပညာရှင်များ၊ ကာလပေါ်တေးဂီတအဖွဲ့ဝင် များအား ဦးဆောင်၍ သွားရောက်ဖြေဖျော်ခဲ့၏။ ဂီတလုလင် မောင်ကိုကိုသည် ၁၉၆၆ ခုနှစ်တွင် မြန်မာနိုင်ငံ ဂီတကောင်စီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့၏။ ၁၉၈၉ ခုနှစ်တွင် ဝဇီရာ၊ ပြဇာတ်အဖွဲ့ကြီးအား ဖွဲ့စည်းရာ၌ ဦးဆောင်သူအဖြစ် ပါဝင်ခဲ့ပြီး ဝဇီရာပြဇာတ်များကို တင်ဆက်ခဲ့၏။ ၁၉၉၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ Asian Cultural- Council of New York, Northern Illinois University, University of Wisconsin, Medison, Illinois Wesleyan University, Kent State University, Ohio, Wesleyan and Yale University, Connecticut, University of Caluformia, Berkley, University de Montreal, Canada တက္ကသိုလ်များတွင် Visiting Professor အဖြစ် မြန်မာ့ဂီတနှင့် တူရိယာများအကြောင်းကို ဘွဲ့လွန်နှင့် မဟာဘွဲ့လွန် သင်တန်းများတွင် သင်ကြားပေးခဲ့၏။

၁၉၉၄ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အတွင်း မလေးရှား နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ မင်းကွန်းဆရာတော် ဘုရားကြီး ဖွဲ့စည်းပေးခဲ့သော တိ-နိအနုပညာရှင်အဖွဲ့အား ဦးဆောင်၍ သာသနာတော်ပြန့်ပွားရေး ကိစ္စရပ်များအား ဆောင်ရွက်ပေးခဲ့ခြင်း၊ မြန်မာ-ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များအား ဦးဆောင်၍ဂျပန်နိုင်ငံသို့ သွားရောက် တင်ဆက်ခဲ့ခြင်း၊ အာဆီယံ နှစ် (၃ဝ) ပြည့် အထိမ်းအမှတ် ဂီတပွဲတော်သို့မြန်မာအနုပညာရှင် အဖွဲ့နှင့် သွားရောက်ခဲ့ခြင်းများ ဆောင်ရွက်ခဲ့သည်။ ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့ တက္ကသိုလ်တွင် မြန်မာ့ဂီတပညာရပ်များ ဟောပြောပို့ချ၊ သရုပ်ပြမှုများ ပြုလုပ်ပေးခဲ့၏။ ထို့ပြင်ဂျာမန် အသံလွှင့်ဌာန D.Wတွင် ရုပ်မြင်သံကြား ရိုက်ကူးထုတ်လွှင့်ခြင်း ပြုခဲ့၏။ ဘာလင်မြို့၌လည်း သရုပ်ပြ ဟောပြောမှုများ ပြုလုပ်ခြင်း၊ အသံလွှင့်ခြင်းများ ပြုလုပ်ခဲ့၏။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် မြန်မာ့ဂီတနှင့်ဆိုင်သော အကြောင်းအရာများကို ဟောပြော သရုပ်ပြ ဖြေဖျော်ပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့၏။

တေးဂီတ၊ အငြိမ့်ပြဇာတ် နှင့်ဆိုင်သော ဆောင်းပါးများအား နေ့စဉ်ထုတ် သတင်းစာများ နှင့် လစဉ်ထုတ် မဂ္ဂဇင်းများတွင်လည်း ရေးသားခဲ့၏။ ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ်အဖြစ် လည်းကောင်း၊ ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ယဉ်ကျေးမှုတက္ကသိုလ်၏ ယဉ်ကျေးမှုကော်မတီဝင် အနေဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ နာယကအနေနှင့်လည်းကောင်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ နာယကအနေနှင့်လည်းကောင်း ဆောင်ရွက်ခဲ့ရုံမျှမက မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာန၏ တေးဂီတ စိစစ်ရေးအဖွဲ့ဝင်၊ ပြဇာတ်ကဇာတ်နှင့် စင်တင်အနုပညာရှင်များ စိစစ်ရေးအဖွဲ့ဝင်များ ကျေးလက်တေးများ ရှာဖွေဖော်ထုတ်ရေး ခေါင်းဆောင်၊ နှစ်စဉ်ကျင်းပသော ဆိုကရေးတီးပြိုင်ပွဲ၊ အတီး ပြိုင်ပွဲဥက္ကဋ္ဌ National-Symphony အော်ခက်စထရာ အား ပြုစုပျိုး ထောင် လေ့ကျင့်၍ ဂီတဖွဲ့စည်းမှုများ ရေးသားခြင်း အဖွဲ့တာဝန်ခံ စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဂီတပိုင်းဆိုင်ရာ ရုပ်ရှင် အကယ်ဒမီဆုအနေနှင့် ၁၉၉၁ ခုနှစ်တွင် 'မယ်သီတာလို မိန်းကလေး'ဇာတ်ကား၊ ၁၉၉၄ ခုနှစ်တွင် 'တိုက်ပွဲခေါ်သံ' ဇာတ်ကား၊ ၂ဝဝ၂ ခုနှစ်တွင် 'ဆန်ရေ' ဇာတ်ကားများနှင့် အကောင်းဆုံးတေးဂီတ ရုပ်ရှင် ထူးချွန်ဆုများကို ရရှိခဲ့၏။ ဆရာဦးကိုကို နောက်ဆုံးရေးပေးခဲ့သော သီချင်းသည် ရန်ကုန် တက္ကသိုလ် ဂျပ်ဆင်ဘုရားကျောင်း စိန်ရတုအတွက် ခရစ် ယာန် ဓမ္မတေး ၁ဝ ပုဒ် ဖြစ်သည်။ နောက်ခံ တေးဂီတအနေ နှင့် 'အရုဏ်တက်လေး ညဉ့်နက်လေ'ဟူသော ဒီဗီဒီဇာတ် ကားအတွက် တီးခတ်ပေးကာ မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြားအတွက် အောင်ခြင်းရှစ်ပါး တေးသီချင်း၊ မေတ္တာပို့တေး သီချင်းများ ရေးသားနေဆဲကာလ ဖြစ်သည်။

၁၉၉၆ ခုနှစ်တွင် လူမှု ထူးချွန်-ပထမအဆင့်၊ ၂ဝဝ၄ ခုနှစ်တွင် ဝိဇ္ဇာပညာ ထူးချွန် (ပထမအဆင့်)များကို နိုင်ငံတော်က ချီးမြှင့်ခြင်း ခံခဲ့ရသည်။

အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)ပညာရေးအဖွဲ့မှ ဆရာကြီးဦးကိုကို (ဂီတလုလင် မောင်ကိုကို)အား ဂုဏ်ထူးဆောင် ဂီတပါရဂူဘွဲ့ (Doctor of Music)ကို ၂ဝဝ၇ ခုနှစ်၊ ဩဂုတ်လ (၁ဝ) ရက်နေ့ တွင် ချီးမြှင့်အပ်နှင်းခဲ့သည်။

ဂီတလုလင် မောင်ကိုကိုသည် ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၁ဝ ရက်နေ့က ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် ကွယ်လွန် သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၈ဝ ရှိပြီး သားတစ်ယောက်နှင့် သမီးလေး ယောက် ကျန်ရစ်သည်။