ဒေါ်ခင်အုန်းမြ (၁၉၁၇ - ၂၀၀၉)

Listing Description

၁၉၁၇ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ရှမ်းပြည်နယ် နမ္မတူမြို့၌ ရှေ့နေကြီး ဦးဖေနှင့် ဒေါ်ခင်တို့မှ ဖွားမြင်ခဲ့သည်။ ငယ်စဉ်က မြစ်ကြီးနား အထကနှင့် မော်လမြိုင် မော်တင်လိန်း ကျောင်းတို့တွင် ပညာ သင်ယူခဲ့သည်။

၁၉၃၈ ခုနှစ်တွင် မိုးကောင်းမြို့၌ အမျိုးသမီး ကြက်ခြေနီ သူနာပြုတပ်ကို ဦးဆောင် ဖွဲ့စည်းခဲ့ပြီး ၁၉၄၂ ခုနှစ်တွင် မြန်မာ့ တပ်မတော်၌ နာမကျန်း ရဲဘော်များ အား ပြုစုရေး တာဝန် ယူခဲ့သည်။

ငယ်စဉ်က မိုးကောင်းမြို့ စာနယ်ဇင်းကိုယ်စားလှယ်နှင့် မြန်မာ့အလင်း သတင်းထောက် လုပ်ကိုင် ခဲ့သည်။ သတင်းထူးသတင်းဦးများ ပေးပို့နိုင်၍ မြန်မာ့အလင်းသတင်းစာတိုက်မှ(ထူးဦး)ဆု ချီးမြင့်ခံရသည်။

မိုးကောင်းမြို့တွင် ကုမ္မာရီအသင်း၊ အမျိုးသမီးကုသိုလ်ရေးအသင်းတို့ကို တည်ထောင်၍ အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၃၈ ခုတွင် မိုးကောင်းမြို့၌ ကြက်ခြေနီအမျိုးသမီးသူနာပြုတပ်ဖွဲ့ကို ထူထောင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်အရပ်ရပ်မှ အိန္ဒိယပြည်၊ တရုတ်ပြည်သို့ ထွက်ပြေးသောစစ်ပြေးဒုက္ခသည်များစွာကို ကူညီစောင့်ရှောက်ခြင်း၊ ဆေးကုသပေးခြင်း၊ အစားအစာကျွေးမွေးခြင်း၊ ဝမ်းရောဂါ၊ ကျောက်ကြီးရောဂါများကို ပြုစုကုသပေးခြင်းဖြင့် အသက်ပေါင်းများစွာကို ကယ်ဆယ်ပေးခဲ့သည်။

ဗမာ့လွတ်လပ်ရေး တပ်မတော်၊ ဦးမန်းတောင် ဂျပန်ဆေးရုံ၊ တောင်ပေါ်ရွာ စစ်ဆေးရုံတို့တွင် သူနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ဟူးကောင်းတောင်ကြားမှ ပြေးလာသော စစ်ပြေးဒုက္ခသည် (၁၀၀)ကျော်အား ကူညီစောင့်ရှောက်ခဲ့သည်။

ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ)က အင်းတော်၊ နန်းကင်ရွာ စစ်ဆေးရုံဖွင့်သောအခါ စစ်သူနာပြုတာဝန် ထမ်းဆောင်ခဲ့သည်။ အင်းတော်၊ မဲဇာ၊ ကောလင်းတို့တွင် ရဲဘော်များ၊ ရွာသူရွာသားများကို သူနာပြုခြင်း၊ ဆေးကုသပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ရန်ကုန်မြို့၏ ဝန်ကြီးရုံးမှ တာဝန်ပေးချက်အရ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) စံပြဆေးရုံ(ပဲခူး)တွင် သူနာပြုဆရာမ တာဝန်ထမ်းဆောင်ခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးကာလအတွင်း ဗမာ့မျိုးချစ်တပ်မတော် (ပီဘီအက်ဖ်) တိုင်း(၄)ဆေးတပ်၌ ပါဝင်လှုပ်ရှားခဲ့သည်။ ထို့ကြောင့် ၁၉၄၅ ခု၊ အောက်တိုဘာလ (၅)ရက်နေ့တွင် စစ်သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ထူးဆောင်လက်မှတ် ချီးမြင့်ခြင်းခံသည်။

၁၉၄၈ ခုနှစ် ပြည်တွင်းသောင်းကျန်းမှုကြီး ဖြစ်ပွားလာသောအခါ အင်းစိန်တိုက်ပွဲ ရှေ့တန်းအမှတ် (၁) စစ်မြပြေင်ဆေးရုံတွင် စေတနာ့ဝန်ထမ်းသူနာပြု ဆရာမ တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၄၉ ခုနှစ်မှ ၁၉၅၂ ခုနှစ်အထိ မင်္ဂလာဒုံစစ်ဆေးရေးရုံ၌ သူနာပြုဆရာမတာဝန် ထမ်းဆောင်သည်။ ထို့နောက် ၁၉၅၄ ခုမှ၁၉၅ဂခုနှစ်အထိ အမှတ် (၇)တပ်နယ်ဆေးရုံ (7S.H) တို့တွင် သူနာပြုဆရာမကြီး တာဝန်ထမ်းဆောင်ခဲ့သည်။

ပဲခူး ပြည်သူ့ ဆေးရုံ သားဖွားသင်တန်း၊ ရန်ကုန် ကျန်းမာရေး သင်တန်းကျောင်းနှင့် မော်လမြိုင် ဆေးရုံကြီးမှ သူနာပြုသင်တန်းများ တက်ရောက်ခဲ့သည်။ ဗမာ့ ကာကွယ်ရေး တပ်မတော် ဆေးရုံ၊ ဗမာ့ မျိုးချစ် တပ်မတော် ဆေးရုံ၊ ပဲခူး ပြည်သူ့ ဆေးရုံ၊ မင်္ဂလာဒုံ စစ်ဆေးရုံ စသည်တို့၌ တာဝန် ထမ်းဆောင်ခဲ့သည်။

စာရေးဆရာမ မြမာလာ အမည်ဖြင့် စာအုပ် စာတမ်း အချို့ကိုလည်း ရေးသား ပြုစုခဲ့ရာ ဣတ္တိယ ဘဝ ဆောင်းပါး၊ ဘဝတိုက်ပွဲ ဝတ္ထု၊ ကျွန်မ ဘဝအစ ကြက်ခြေနီက ဆောင်းပါးနှင့် ဖွားဖွားကြက်ခြေနီ အခန်းဆက် ဆောင်းပါးများမှာ ထင်ရှားပါသည်။

ဗိုလ်မှူးဒေါ်ခင်အုန်းမြ ရရှိခဲ့သော ဆုတံဆိပ်များနှင့် ဂုဏ်ထူးဆောင် လက်မှတ်များမှာ မော်ကွန်းဝင် (ဒုတိယဆင့်)၊ လွတ်လပ်ရေးစည်းရုံးမှုတံဆိပ်၊လွတ်မြောက်ရေးတံဆိပ်၊ စစ်မှုထမ်းဟောင်းတံဆိပ်၊ ပြည်ပရန်နှိမ်တံဆိပ်၊ ပြည်သူ့စစ်ပွဲဝင်တံဆိပ် တို့ ဖြစ်သည်။ ထို့ပြင် ၁၉၆၃ ခု၊ ဩဂုတ်လ (၁၂)ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းမှ ချီးမြင့်ခဲ့သော ဖလောရင့်နိုက်တင်ဂေးလ် ဆုတံဆိပ်ကိုလည်း ရရှိခဲ့သည်။

ဗိုလ်မှူး ဒေါ်ခင်အုန်းမြသည် မြစ်ကြီးနားအသင်း၏ နာယက အဖြစ်လည်းကောင်း၊ ရွှေတိဂုံဘုရားတောင်ဘက်မုခ် ကျောက်စိမ်းတွင်းဓမ္မာရုံဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဒဂုံမြို့နယ် မိခင်နှင့်ကလေးစေင့်ရှောက်ရေးအသင်း အမှုဆောင်အဖြစ်လည်းကောင်း၊ ရန်ကုန်မြို့ စကားဝါလမ်း တိပိဋက ကျောင်းတော် မဟာစည် အမျိုးသမီးယောဂီစောင့်ရှောက်ရေးအသင်း၊ ဟိတသီအသင်း၊ မြန်မာနိုင်ငံ သူနာပြုအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း စသည်တို့တွင် ရာသက်ပန်အသင်းဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၅၈ ခုမှ ၁၉၈၃ ခုနှစ်အထိ ရန်ကုန်မြို့ အမှတ် (၂)ဆေးရုံတွင် ဒုဗိုလ်ရာထူးမှ ဆရာမှူး (ဗိုလ်မှူး)အဆင့်အထိ အဆင့် ဆင့်တာဝန်ထမ်းဆောင်ပြီးနောက် အငြိမ်းစားယူခဲ့သည်။ ၁၉၉၆ ခုနှစ် ဇွန်လ (၁၇)ရက်နေ့မှစ၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကြီးတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့သည်။

ဖလောရင့်နိုက်တင်ဂေးဆုရ ဒေါ်ခင်အုန်းမြ(ခ) စာရေးဆရာမကြီး မြမာလာ ၂၇ နိုဝင်ဘာ ၂၀၀၉ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။