ဒေါင်း

Listing Description

၁၉၉၀ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် မင်းလှမြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ၅ ယောက်အနက် ၄ ယောက်မြောက်သားဖြစ်သည်။ အမည်ရင်း သူရအောင်ဖြစ်သည်။ ဒုတိယတန်းနှစ်တွင် မန္တလေးသို့ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ရန်ကုန်သို့ပြောင်းရွှေ့ခဲ့ပြီး Southern Myanmar FC အသင်းတွင် တိုက်စစ်မှူး အဖြစ် ဝင်ရောက်ကစားခဲ့သည်။

ထို့နောက် Satori ရုပ်ရှင်ထုတ်လုပ်ရေးတွင် သရုပ်ဆောင်အဖြစ် ဝင်ရောက်လျှောက်ထားခဲ့ရာ လျှောက်ထားသူ အယောက် ၅၀၀ ကျော်ထဲမှ ရွေးချယ်ခံရပြီးနောက် ၂၀၁၅ ခုနှစ်တွင် ဒုတိယနှစ်လုံးသား ဇာတ်ကားတွင် စတင် သရုပ်ဆောင်ရိုက်ကူးခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ပိုင်ဖြိုးသူ နှင့်အတူ ထီးကလေးပုံပြင် ဇာတ်ကားတွင် ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးခဲ့သည်။ ယင်းဇာတ်ကားသည် အောင်မြင်ကျော်ကြားခဲ့ပြီး သရုပ်ဆောင် ဒေါင်းဟု လူသိများလာခဲ့သည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင်  MRTV-4 ၌ ထုတ်လွှင့်ပြသခဲ့သော ပုဂံမြို့သူ ဇာတ်လမ်းတွဲတွင် မောင်မောင်ကြီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် လိပ်ပြာစံအိမ် ဇာတ်ကားတွင် မင်းသမီး ဝတ်မှုန်ရွှေရည်၊ နိုင်းနိုင်းတို့နှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့သည်။ ယင်းဇာတ်ကားကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ရုပ်ရှင်ရုံများ၌ ရုံတင်ပြသခဲ့ရာ ခုနစ်ပတ်ကြာ စံချိန်တင်ခဲ့ပြီး ပြည်ပနိုင်ငံ ၁၃ နိုင်ငံတွင်လည်း ရုံတင်ပြသခဲ့ရသည်။

၂၀၂၀ ခုနှစ်တွင် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် ကမ္ဘာ့သဘာဝတရားနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ရေးအတွက် ရည်ရွယ်သည့် လှုပ်ရှားမှုတစ်ခုဖြစ်သည့် ဒို့ကမ္ဘာ ကမ်ပိန်းတွင် သံတမန် အဖြစ်ပါဝင်ဆောင်ရွက်ခဲ့သည်။