ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်တု

Listing Description

ဗိုလ်ချုပ်အောင်ဆန်းအထိန်းအမှတ် မြင်းစီးကျောက်ရုပ်တုသည် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လမ်းမတော်လမ်း၊ ဗိုလ်ချုပ်လမ်း၊ ညဈေးတန်းလမ်းနှင့် ရန်ကုန်-ပြည်လမ်းဆုံရာ အဝိုင်းပတ်နေရာ၌ တည်ရှိပါသည်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်ကို ၁၉၇၈ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် စိုက်ထူဖွင့်လှစ်ခဲ့ပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ပထမဆုံး စိုက်ထူခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် မြင်းစီးကျောက်ရုပ်လည်းဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကျောက်ရုပ်ရှိရာ နေရာသည် ယခင်က အာဇာနည်ကုန်းမြေ ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသည့်အနေဖြင့် ယင်းနေရာတွင် ကြေးသတ္တုဖြင့် ရုပ်တုပြုလုပ်ရန် မြို့နယ်အတွင်း ကြေးများအလှူ ခံသော်လည်း အဆင်မပြေသဖြင့် သံကူကွန်ကရစ် ကျောက်ရုပ်သာ သွန်းလုပ်ခဲ့ကြောင်းသိရပါသည်။ ၁၉၇၇ ခုနှစ်တွင် ရုပ်တုအား ရန်ကုန်မြို့ ဆောက်လုပ်ရေးကော်ပိုရေးရှင်း အဆောက်အအုံပညာဌာနစိတ်၊ ပန်းပုပညာဌာနမှ ပန်းပု ပညာရှင် ဦးဟန်တင်နှင့်အဖွဲ့က ကိုးလကြာထုဆစ်ခဲ့ကြောင်း ရုပ်တုတည်ဆောက်မှု မှတ်တမ်း၌ ဖော်ပြထားပါသည်။