အသည်းပုံကျွန်း(ခ)ကြက်မောက်ကျွန်း

Listing Description

အသည်းပုံကျွန်း(ခ)ကြက်မောက်ကျွန်း သည် ကော့သောင်း မြို့အနောက်တောင်ဘက် ပင်လယ် ရေမိုင် ၂၈ မိုင်ခန့်အကွာ၊ Speed boat ဖြင့်သွားလျှင် ၁ နာရီခန့်အတွင်း ရောက်ရှိနိုင်သည့် ဇာဒက်ကြီးကျေးရွာ အုပ်စု အက်ဒမန်ပင်လယ်အတွင်းတွင် တည်ရှိပါသည်။ ကျွန်းအကျယ်အဝန်း ဧက ၁၂ဝ ခန့်ရှိပြီး   မြေသားလုံးဝ မရှိသော သက်နုမီးသင့်ကျောက်သား များဖြင့်ဖွဲ့စည်းထားပြီး မတ်စောက်သည့်  ကျောက်တောင်သဖွယ်ဖြစ် သောကြောင့် ကျွန်းပေါ်သို့တက်ရောက် ရန်ခက်ခဲပါသည်။ ကျောက်တောင်ပတ် လည်ဝန်းရံလျက် အနေအထားဖြင့် ကျွန်းအလယ်ဗဟိုတွင် အချင်းပေ ၃ဝဝ ခန့်ရှိ သဘာဝအလျောက်ဖြစ်တည်လျက် အသည်းနှလုံးပုံသဏ္ဌာန်  လွန်စွာလှပသည့်  ရေငန်အိုင်ကြီးတစ်ခုကြောင့် ထူးဆန်းခြင်းဖြစ်ပါသည်။ ထိုရေငန်အိုင်ကြီးသို့ဝင်ရောက်ရန် တစ်ခုတည်းသောဝင်ပေါက်အဖြစ် ကျွန်း၏ အရှေ့တောင်ဘက် အောက်ခြေကျောက်တန်းများအောက် မှအကျယ် ၂၅ ပေ၊ အလျားပေ ၃ဝရှိ ပြွန်ပုံသဏ္ဌာန်လိုဏ်ဂူအပေါက်တစ်ခုမှ ပင်လယ်ဒီရေအနည်းငယ်ကျချိန်မှ ဝင်ရောက်နိုင်ပါသည်။ ကျွန်းအလယ်ဗဟိုရှိ ရေကန်ကြီးမှာ  အနားသတ်လှပသော snorkeling site  ရှိနေပြီး  ဗဟိုချက်သည် ပင်လယ်ဒီရေတက်ချိန်တွင် ၁၂ မီတာခန့်နက်ပါသည်။ နွေရာသီတွင် snorkeling mask ဖြင့် ရေအောက်ခြောက်မီတာအထိ ထွင်းဖောက်မြင်နိုင်လောက်အောင် စိမ်းမြကြည်လင်လှပါသည်။ ရေကန်ကြီးအတွင်း hard coral အမျိုးအစား၂၅ မျိုးခန့်၊ ငါးမျိုးစိတ် ၄ဝခန့်၊  သဘာဝ သန္တာကျောက်ခက်၊ ကျောက်ပွင့်များစွာ၊ ပင်လယ်ရေနေ ထူးဆန်းရှားပါး ရေသတ္တဝါမျိုးစိတ်ပေါင်းများစွာ  ပေါက်ဖွားကြီးပြင်းရာ သဘာဝစားကျက်နေရာ တစ်ခုသဖွယ်  ဖြစ်ပေါ်လျက်ရှိသဖြင့် နိုင်ငံခြားခရီးသွားများနှင့် ပင်လယ် ဇီဝဗေဒပညာရှင်များ   ကနူးလှေလှော်ခတ်ကာ ရေကန်ကြီးအတွင်း စိတ်ဝင်တစား ကြည့်ရှုလေ့လာလည်ပတ်ကြခြင်း၊ ဓာတ်ပုံမှတ်တမ်းတင်ခြင်းများ ပြုလုပ်ကြပါသည်။