အညာသီဟတောဘုရား

Listing Description

အညာသီဟတောဘုရားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ဧရာဝတီမြစ်အတွင်းရှိ သီဟဇေယျဘုမ္မိကျွန်းပေါ်တွင် တည်ရှိပါသည်။ စေတီတော်သည် အသောကမင်းကြီး၏ကောင်းမှု စေတီပေါင်း ရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်ပြီး သက္ကရာဇ် ၄၆၇ ခုနှစ်တွင် အလောင်းစည်သူမင်းကြီးက သရက္ခန်ဗုဒ္ဓရုပ်ပွားတော်ကို ယင်းစေတီတော်တွင် ထပ်မံဌာပနာ၍ စေတီတော်ကိုလည်း ဉာဏ်တော် ၃၂ တောင်မြှင့်ကာ မွမ်းမံပူဇော်ခဲ့ပါသည်။ သက္ကရာဇ် ၇၂၈ ခုနှစ်တွင် သတိုးမင်းဖျား၏ မိဖုရားခေါင်ကြီးက စေတီတော်ကို ပြုပြင်မွမ်းမံကာ ရွှေသင်္ကန်းကပ်လှူခဲ့သည်။ သက္ကရာဇ် ၁၁၈၀ ပြည့်နှစ်တွင် ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်းက စေတီတော်ကို ကျောက်အုတ်တို့ဖြင့် မွမ်းမံကာ ရွှေထီးတင်လှူပူဇော်ခဲ့ပါသည်။ ယင်းနောက်ပိုင်းတွင် ခေတ်အဆက်ဆက် ဒါယကာ၊ ဒါယိကာမများ ပြုပြင်မွမ်းမံလာခဲ့ရာ ယခုအခါ သမိုင်းဝင် အညာသီဟတောစေတီတော်ကို ကြည်ညိုဖွယ်ရာ ဖူးမြော်မြင်တွေ့နိုင်ပါသည်။ စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၁၁ ရက်နေ့မှ တပေါင်းလပြည်နေ့အထိ ကျင်းပလျက်ရှိပါသည်။